ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် စိုးရိမ်မှုများရှိသော်လည်း ၂၀၂၀ တိုကျိုနွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်နေပြီး အစဉ်အစဉ်အတိုင်းသွားနေသည်ဟု ပြိုင်ပွဲကျင်း ပရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ယိုရှိရိုမော်ရီက အတည်ပြုပြောကြားခဲ့သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီ အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ တာကာဟရှိက လက်ရှိအခြေအနေများကြောင့် အိုလံပစ်ပြိုင်ပွဲကို (၂)နှစ်ရွှေ့ဆိုင်းလျှင် အကောင်းဆုံးဖြစ်မည်ဟု မှတ်ချက်ပြုခဲ့ပြီးနောက် မော်ရီက ပြိုင်ပွဲအနေအထားနှင့်ပတ်သက်ပြီး တရားဝင်ပြောကြားလာခဲ့ခြင်းဖြစ်သည်။
အစောပိုင်းကလည်း နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC)နှင့်သဘောတူစာချုပ်တွင် ပြိုင်ပွဲကို ရွှေ့ဆိုင်း သို့မဟုတ် IOC မှဖျက်သိမ်းနိုင်သည်ဟု ဂျပန်ပါလီမန်တွင် ဂျပန်အိုလံပစ်ဝန်ကြီးဖြစ်သူ ဟာရှီမိုတို၏ ပြောကြားခဲ့မှုမှာလည်း စိတ်ကူး၍ပင်မရနိုင်ဟုဆိုကာ ဂျပန်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ မော်ရီက ငြင်းပယ်ခဲ့သည်။
ပြိုင်ပွဲ ကျင်းပရေးကော်မတီ အမှုဆောင်ဘုတ်အဖွဲ့ဝင်(၂၅)ဦး အနက်တစ်ဦးဖြစ်သူ တာကာဟရှိက "ဧပြီလကစပြီး ဒီအကြောင်း(ပြိုင်ပွဲကျင်းပရေး)ကို အပြင်းအထန် ဆွေးနွေးသွားဖို့ရှိပါတယ်။ အိုလံပစ်ပြိုင်ပွဲ ဖျက်သိမ်းလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ နှောင့်တော့နှောင့်နှေးသွား နိုင်ပါတယ်။ ပြိုင်ပွဲကိုဖျက်သိမ်းခဲ့ရင် နိုင်ငံတကာအိုလံပစ်ကော်မတီအနေနဲ့ အကျပ်ရိုက်သွားစေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ရုပ်သံမူပိုင်ခွင့် တစ်ခုတည်းက သူတို့ကို ငွေပမာဏမြောက်မြားစွာပေးထားတာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို (၂)နှစ်ကြာရွှေ့ဆိုင်းတာဟာ ဖြစ်နိုင်ခြေအရှိဆုံး အဖြေပါပဲ။ လက်ရှိမှာ လာမယ့်နှစ်အတွက် အားကစားပြက္ခဒိန်က ရေးဆွဲထားပြီးဖြစ်လို့ပါ"ဟု Wall Street Journal သို့ ပြောကြားခဲ့သည်။
သို့သော် မော်ရီသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် "တကယ်တော့ ပြိုင်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း စိုးရိမ်ပါတယ်။ ပြိုင်ပွဲမကျင်းပဖြစ်ဘူးလို့ ကျွန်တော် မပြောခဲ့ပါဘူး။ ပြိုင်ပွဲကျင်းပဖြစ်လိမ့်လို့ ကျွန်တော် ယူဆပါတယ်။ ကျင်းပရေးကော်မတီအနေနဲ့ ကျွန်တော်တို့ကတော့ စီစဉ်ထားတဲ့အတိုင်း အလုပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်"ဟု ဖွင့်ဟခဲ့သည်။
IOC နှင့် တိုကျိုအိုလံပစ်ကျင်းပရေးကော်မတီတို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး WHO အနေဖြင့် အခြေခံဆွေးနွေးမှုများကို မကြာမီသတင်းထုတ်ပြန်ဖွယ်ရှိသည်ဟု မော်ရီ က ပြောကြားခဲ့သည်။
ထို့ပြင် ပြိုင်ပွဲရွှေ့ဆိုင်းဖွယ်ရှိမှုမှာလည်း လက်တွေ့မကျကြောင်းနှင့် နှစ်နှစ်အတွင်း အိုလံပစ်ကွင်းများ အဆင်သင့်ဖြစ်ရန် မလွယ်ကူကြောင်း မော်ရီက မှတ်ချက်ပြုခဲ့သည်။
အမှုဆောင်ဘုတ်အဖွဲ့ဝင် တာကာဟရှိ ပြောကြားမှုမှာ သူ၏ကိုယ်ပိုင်အမြင်သာဖြစ်သည်ဟု မော်ရီက ဆိုခဲ့ပြီး ထင်မြင်ချက်များကို ဆင်ဆင်ခြင်ခြင် ပြောဆိုရန် တိုက်တွန်းခဲ့သည်။










