ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 11 March 2020

 

လီဗာပူးလ် နှင့် အက်သလက်တီကို (၁၂-၃-၂၀၂၀ နံနက် ၂း၃၀ နာရီ)

လက်ရှိချန်ပီယံ လီဗာပူးလ်က ခက်ခဲကြမ်းတမ်းတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး အဝေးဂိုးမပေးရအောင် ကစားဖို့လည်း လိုနေတာတွေ့ရတယ်။ မနှစ်က ဘာစီလိုနာကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြီးမှ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တာမျိုးကို ပြန်လုပ်ပြနို်င်ဖို့လိုနေပြီး အက်သလက်တီကိုရဲ့ခံစစ်ကစားပုံက ဘာစီလိုနာလိုမဟုတ်တာကိုလည်း သတိပြုရမယ်။ အရေးကြီးတာက မဟာဗျူဟာပိုင်းဆိုင်ရာ ပြင်ဆင်မှုဖြစ်ပြီး လီဗာပူးလ်က ဂိုးမပေးရအောင်အဓိကထားကစားပြီး ဂိုးရအောင်ရှာမှာလား။ ဂိုးပေးရတာ၊  မပေးရတာထက် နောက်တစ်ဆင့်တက်ဖို့အတွက် မဖြစ်မနေလိုအပ်နေတဲ့ သွင်းဂိုးကို အရင်ဆုံးဦးစားပေးရှာမလားဆိုတာကို ရွေးချယ်ရလိမ့်မယ်။

အက်သလက်တီကိုကတော့ လီဗာပူးလ်အခြေအနေကိုကြည့်ပြီး ကစားမယ့် Reactive Way ကိုပဲ သုံးမှာပါ။ လီဗာပူးလ်တိုက်စစ်မှူး (၃)ဦးစလုံး ပထမအကျော့တုန်းက လှုပ်လို့မရအောင် အက်သလက်တီကိုခံစစ်က ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ခံစစ်ကစားတဲ့ Mood နဲ့ အဝေးကွင်းက မတူဘူး။ တားဆီးမှုတွေပြုလုပ်တဲ့အခါ အိမ်ကွင်းမှာလောက် ရဲတင်းလို့မရဘူး။ အက်သလက်တီကိုမှာ ခံစစ်ကစားတဲ့အတွေ့အကြုံရှိတဲ့တိုင် လီဗာပူးလ်တိုက်စစ်က ပထမအကျော့ကထက် ပိုအလုပ်လုပ်နိုင်လိမ့်မယ်။ အထူးသဖြင့် မာနေက လီဗာပူးလ်ကို ကယ်တင်မယ်ထင်တယ်။ လီဗာပူးလ် ရလဒ်ကောင်းမှာပါ။

- လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၁၇)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ (၁၂)ပွဲအထိနိုင်ပွဲရရှိခဲ့ကာ (၃)ဂိုးနှင့်အထက်သွင်းယူနိုင်သည့်ပွဲမှာလည်း (၉)ပွဲအထိ ရှိခဲ့သည်။

- အက်သလက်တီကိုအသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၁၂)ပွဲတွင် (၂)ပွဲသာအနိုင်ရခဲ့ပြီး (၅)ပွဲအထိ ရှုံးနိမ့်ခဲ့သည်။

- ယင်း(၂)သင်းတွေ့ဆုံသည့် နောက်ဆုံး (၇)ပွဲတွင် (၆)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

PSG နှင့် ဒေါ့မွန် (၁၂-၃-၂၀၂၀ နံနက် ၂း၃၀ နာရီ)

PSG ရဲ့ တိုက်စစ်က ဂိုးသွင်းရပ်မှာ မဟုတ်ဘူး။ လက်ရှိ PSG ရဲ့တိုက်စစ်အခင်းအကျင်းနဲ့ ကစားပုံက ကမ္ဘာ့အကောင်းဆုံးတန်းလို့ ပြောလို့ရပြီး ဒေါ့မွန်ကွင်းမှာ ကစားခဲ့တုန်းကလည်း တကယ်ရခဲ့တဲ့ (၁)ဂိုးထက် ပိုရသင့်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တယ်။ အခြားတစ်ဖက်မှာ PSG ရဲ့ ခံစစ်ကလည်း အဝေးဂိုးမပေးရအောင် ကစားနိုင်ဖို့ မလွယ်ဘူး။ PSG အသင်းရဲ့ တိုက်စစ်က နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲမှာ (၂၈)ဂိုးအထိ သွင်းနိုင်ခဲ့ပေမယ့် ခံစစ်ကလည်း ဒီ(၇)ပွဲမှာ (၁)ပွဲပဲ Clean Sheet ယူနိုင်ခဲ့တာကို သတိပြုဖို့လိုတယ်။

ဒေါ့မွန်တိုက်စစ်မှာ ဟော်လန်း၊ ဆန်ချို၊ သော်ဂန်ဟာဇက်တို့ ပွဲထွက်လာနိုင်ပြီး PSG ခံစစ်ကို တစ်ဦးချင်းအရဖြစ်စေ၊ တွဲလုံးတွေနဲ့ ဖြစ်စေ ဒုက္ခပေးနိုင်စွမ်းရှိတယ်။ အထူးသဖြင့် ဆန်ချိုက ကိုယ်တိုင်ဂိုးသွင်းနိုင်တယ်။ အခွင့်အရေးတွေဖန်တီးနိုင်တယ်။ တိုက်စစ်ကို ဦးဆောင်နိုင်ပြီး PSG ရဲ့အထလေးတဲ့ ခံစစ်ကို မွှေနှောက်နိုင်စွမ်းရှိသူဖြစ်တယ်။ PSG က ပထမအကျော့ရလဒ်ကို ကျော်ဖြတ်ဖို့ဆိုရင် ဂိုးတွေသွင်းနိုင်သမျှသွင်းဖို့လိုပြီး အဝေးဂိုးပြန်ပေးရမှာကိုပါတွက်ရင် အနိမ့်ဆုံး (၃)ဂိုးသွင်းရမယ်။ ဒါကို လုပ်နိုင်မလားဆိုတာကို စဉ်းစားရမှာဖြစ်ပြီး နိုင်ပွဲတော့ရမှာပဲ။ သွင်းဂိုးတွေလည်း အပြန်အလှန်သွင်းကြမှာပဲ။ နေမာ၊ ဘာပေတို့ရဲ့တိုက်စစ်ကို ဒေါ့မွန်ခံစစ် ထိန်းချုပ်ဖို့မလွယ်လို့ (၃-၁၊ ၄-၂)ဆိုတဲ့ရလဒ်တွေဖြစ်နိုင်တယ်။

- PSG အသင်းသည် ယခုရာသီယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်အိမ်ကွင်း (၃)ပွဲစလုံး အနိုင်ရခဲ့ပြီး ပွဲတိုင်း Clean Sheet ရရှိခဲ့သလို၊ တစ်ပွဲပျမ်းမျှ (၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

- ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်း နောက်ဆုံး (၁၂)ပွဲတွင် (၈)ပွဲအထိရှုံးနိမ့်ခဲ့ပြီး (၃)ဂိုးအထိပေးရသည့်ပွဲမှာလည်း (၅)ပွဲရှိခဲ့သည်။

- ဒေါ့မွန်အသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၄)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးမှာ (၃)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။

 

Most Read

Most Recent