မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုုလာက မန်ယူအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး၌ ခံစစ်တွင် (၇) ဦး၊ (၈)ဦးလောက်ကစားနေသည့် အသင်းတစ်သင်းနှင့် ကစားရသည်မှာ မလွယ်ကူကြောင်းနှင့် မန်ယူအသင်းသည် တန်ပြန်တိုက်စစ်ကိုလည်း အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ မန်စီးတီး၏ ကစားပုံကိုမူ ချီးကျူးပြောဆိုခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ယင်းပွဲတွင် မန်ယူအသင်းကို မာစီယဲလ်၊ တွမ်မီနေးတို့၏ သွင်းဂိုးများကြောင့် (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းသည် ဘောလုံးပိုင်ဆိုင်ခွင့်မှလွဲ၍ အခွင့်အရေးဖန်တီးမှု၊ ဂိုးပေါက်ကန်သွင်းမှု၊ ဂိုးပေါက်တည့်ကန်ချက် အစစအရာရာ မန်စီးတီးအသင်းထက် အသာစီးရယူကာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းထက် အခွင့်အရေးကောင်းများကို ပိုမိုဖန်တီးနိုင်ပြီး ခြေစွမ်းပြခဲ့သော်လည်း ဂွါဒီယိုလာကမူ ခံစစ်ကစားပုံနှင့် ပတ်သက်ကာ ညည်းတွားခဲ့ခြင်းဖြစ်ပြီး "ခံစစ်မှာ ကစားသမား (၇) ဦး၊ (၈)ဦးလောက်ကစားနေတဲ့အသင်းနဲ့ ကစားရတယ်ဆိုတာ မလွယ်ကူပါဘူး။ ပြီးတော့ သူတို့က လုံးဝမလှုပ်ကြဘူး။ သူတို့အသင်းရဲ့ တန်ပြန်တိုက်စစ်ကစားပုံကတော့ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့အသင်း ကစားခဲ့တာက တကယ်ကောင်းပါတယ်။ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ Final Third ဇုန်မှာ လုံလောက်တဲ့ ပြင်းထန်မှုမျိုးကို မပြနိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာ ကစားပုံကောင်းပါတယ်။ မန်ယူအသင်းက မာစီယဲလ်နဲ့ ဒန်နီယဲလ်ဂျိမ်းစ်တို့ဆီကို အမြင့်ဘော၊ အဝေးဘောတွေနဲ့ ကစားခဲ့ပြီး အဓိကအားဖြင့်တော့ တန်ပြန်တိုက်စစ်တွေမှာပါ။ ပြီးတော့ သူတို့က ပွဲကို ဦးဆောင်ကစားဖို့ထက် ကျွန်တော်တို့အသင်းရဲ့အမှားကို စောင့်ကစားသွားခဲ့တာဖြစ်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။

မန်စီးတီးအသင်း၏ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်း၏ကစားပုံမှာလက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ပြောကြားခဲ့ခြင်းကိုလည်း ဂွါဒီယိုလာက ငြင်းဆန်ခဲ့ပြီး "ကျွန်တော် ဘာနာဒိုဆေးလ်ဗားပြောတာကို သဘောမတူပါဘူး"ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ယင်းပွဲတွင် အမှားကျူးလွန်ခဲ့သည့် ဂိုးသမား အီဒါဆန်နှင့် ပတ်သက်၍လည်း "သူ ကာကွယ်မှု ကောင်းကောင်း တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပြုလုပ်ခဲ့ပါတယ်။ ပြီးတော့သူက အလွန်ထူးခြားတဲ့ ဂိုးသမားတစ်ဦးပါ။ ဒီနေရာကို ကျွန်တော်လာတာ ကျွန်တော့်ကစားသမားတွေကို ဝေဖန်ဖို့မဟုတ်ပါဘူး။ အမှားဆိုတာ ပွဲတစ်ပွဲရဲ့အစိတ်အပိုင်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

အမှားစောင့်ကစားခြင်းမဟုတ်ဘဲ အမှားကျူးလွန်အောင်လုပ်ခဲ့ခြင်းဟု ဆိုးလ်ရှားဆို
မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မန်ယူအသင်းသည် မိမိတို့အသင်း၏ အမှားကိုစောင့်ပြီး ကစားသွားခဲ့သည်ဟု ဆိုခဲ့သော်လည်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကမူ မိမိတို့အသင်းသည် မန်စီးတီးအသင်းအမှား ကျူးလွန်လာအောင်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားက "နိုင်လိုစိတ်၊ ခံယူချက်၊ တာဝန်ခံနိုင်မှု၊ ပရိသတ်တွေနဲ့ ကစားသမားတွေကြားက ဆက်သွယ်မှုအားလုံးဟာ ကျေနပ်စရာတွေချည်းပါပဲ။ ပေးဂိုးမရှိတဲ့ နိုင်ပွဲတွေနဲ့အတူ ကျွန်တော်တို့အသင်းအပေါ် ပရိသတ်တွေက ပိုအားပေးလာကြပြီး၊ အသင်းကလည်း တဖြည်းဖြည်းနဲ့ ကစားပုံပိုကောင်းလာပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့အသင်းဟာ သူတို့ကို ဖိအားပေးနိုင်ခဲ့တယ်။ သူတို့ ဖိအားပေးတဲ့အချိန်တွေမှာ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ခဲ့တယ်။ သူတို့အသင်း အမှားတွေကျူးလွန်လာအောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ ရလဒ်အတွက် အရမ်းကျေနပ်ခဲ့ရပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ဒီပွဲက ကျွန်တော်တို့အသင်းလမ်းကြောင်းမှန်ပေါ် ရောက်လာပြီး ကျွန်တော်တို့ အရှေ့က အသင်းတွေကို အမီလိုက်နိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။










