လိုက်ပ်ဇစ်မြို့မှ တာဝန်ရှိသူများသည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားမည့် လိုက်ပ်ဇစ် - စပါး ချန်ပီယံလိဂ်ပွဲတွင် ပရိသတ်များကို ကြည့်ရှုခွင့်ပြုသွားရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
ဂျာမနီနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိနေခြင်းကြောင့် ဂျာမနီကျန်းမာရေးဝန်ကြီးက လူ(၁၀၀၀)ကျော်စုဝေးမည့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် တိုက်တွန်းထားသော်လည်း လိုက်ပ်ဇစ်မြို့ တာဝန်ရှိသူများက စပါးနှင့် ချန်ပီယံလိဂ်ပွဲတွင် ပရိသတ်များကို ကြည့်ရှုခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ပြင်းထန်သည့်ဒေသတွင် မဟုတ်သောကြောင့်ဟု ဆိုခဲ့သည်။
ထို့ပြင် ယခုချန်ပီယံလိဂ်ပွဲတစ်ပွဲတည်းကိုသာ ယခုကဲ့သို့ ခွင့်ပြုပေးခြင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
လိုက်ပ်ဇစ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့တွင် စပါးအသင်းကို အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရထားသည့်အတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် အလားအလာကောင်းနေပြီဖြစ်သည်။










