ယခုတစ်ပတ် မတ်လ(၁၁)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် PSG - ဒေါ့မွန် ချန်ပီယံလိဂ်ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည်ဟု ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုကြေညာခဲ့သည်။
ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁၀၀)ကျော်ရှိနေပြီး (၁၉)ဦး သေဆုံးခဲ့ပြီဖြစ်၍ ပြင်သစ်အစိုးရက လူ(၁၀၀၀)အထက် စုဝေးခြင်းမပြုရန်လည်း တားမြစ်ထားသည်။
ထို့ကြောင့် PSG - ဒေါ့မွန်ပွဲကို ပရိတ်မပါဘဲ ကစားရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
PSG အသင်းမှာ ပထမအကျော့ ဂျာမန်မြေတွင် ကစားခဲ့စဉ်က (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ထားခြင်းကြောင့် အိမ်ကွင်း၌ နိုင်ပွဲပြန်ရှာဖွေရမည့်အချိန်တွင် ပရိသတ်မပါဘဲ ကစားရမည်ဖြစ်၍ နစ်နာမှုရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ပရိသတ်(၄၈၀၀၀)ဝင်ဆံ့သည့်ကွင်းဖြစ်သောကြောင့် ကွင်းဝင်ကြေး ဆုံးရှုံးမှုလည်း ရှိလာမည်ဖြစ်သည်။
သို့သော် ဥရောပနိုင်ငံအတော်များများက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပွဲများကို ပရိတ်သတ်မပါဘဲ ကွင်းပိတ်ကစားစေရန် ဆန္ဒရှိနေကြသည်။
လာမည့်တစ်ပတ်တွင် ယှဉ်ပြိုင်ကစားရမည့် ဘာစီလိုနာ - နာပိုလီပွဲကိုလည်း ကတ်တလန်အစိုးရက ကွင်းပိတ်ကစားရန် အလိုရှိနေပြီး ဘာစီလိုနာအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း သိရှိရသည်။










