ပြင်သစ်ကိုနီလိုအငွေ့အသက်နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေ ဒွန်တွဲနေတဲ့ ဆိုင်ဂုံ (သို့မဟုတ်) ဟိုချီမင်း

ပြင်သစ်ကိုနီလိုအငွေ့အသက်နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေ ဒွန်တွဲနေတဲ့ ဆိုင်ဂုံ (သို့မဟုတ်) ဟိုချီမင်း
Notre Dame ကတ်သလစ်ဘုရားရှိခိုးကျောင်းကို တွေ့ရစဉ်
Notre Dame ကတ်သလစ်ဘုရားရှိခိုးကျောင်းကို တွေ့ရစဉ်
Published 8 March 2020
လွင်မျိုးသူ

၀ါးခမောက်ထိပ်အချွန်တွေ ဆောင်းကြတဲ့ ဗီယက်နမ်နိုင်ငံကို ဖေဖော်ဝါရီလနှောင်းပိုင်းက အလည်အပတ်ရောက်ခဲ့ပါတယ်။

လေဆိပ်က Immigration Officer (လဝကအရာရှိ) တွေရဲ့ ယူနီဖောင်းတွေက ရဲဝတ်စုံနဲ့တူပါတယ်။ ပခုံးပေါ်မှာလည်း အနီရောင် ဘားတွေ၊ ကြယ်တွေနဲ့ဆိုတော့ ကွန်မြူနစ်နိုင်ငံရောက်နေတယ်ဆိုတာ မေးစရာမလိုပါဘူး။

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဟိုချီမင်းမြို့ကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်တောင်ပိုင်းမှာ တည်ရှိပါတယ်။ ပြင်သစ်ကိုလိုနီလက်အောက်ခံဘဝမှာ ဆိုင်ဂုံလို့ နာမည်တွင်ခဲ့တာပေါ့။

ဆိုင်ဂုံမြို့ဟာ ၁၉၅၅ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ တောင်ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တယ်။ ၁၉၇၆ ခုနှစ်မှာတော့ ဟိုချီမင်းမြို့လို့ ပြောင်းလဲခေါ်ဆိုခဲ့ကြတယ်။

ဟိုချီမင်းမြို့လို့ခေါ်တဲ့ ဆိုင်ဂုံမြို့ဟာ ပြင်သစ်ကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့အတွက် မြို့ထဲဝင် လိုက်တာနဲ့ ပြင်သစ်အငွေ့အသက် လွှမ်းခြုံနေတဲ့ ဘုရားရှိခိုးကျောင်းတွေ၊ အဆောက်အအုံတွေကို တွေ့မြင်ရမှာပါ။

ဗီယက်နမ်ရဲ့လမ်းမတွေပေါ်မှာ အဓိကနေရာ ယူထားတာတွေကတော့ ဆိုင်ကယ်တွေပါပဲ။ လမ်းမထက်က ယာဉ်ရာခိုင်နှုန်း ၈၀ က ဆိုင်ကယ်တွေပါ။

ဟိုချီမင်းရောက်တာနဲ့ မေ့ထားလို့ မရတာက ဆိုင်ဂုံဗဟိုစာတိုက်ကြီး (Saigon Central Post Office) ပါပဲ။ ၁၉ ရာစုနှောင်းပိုင်းမှာ တည်ဆောက်ခဲ့ပြီး Gothic ဒီဇိုင်းပုံစံကို မြင်တွေ့ရမှာပါ။ ဆိုင်ဂုံဗဟိုစာတိုက်ကြီးက ဟိုချီမင်းမြို့ရဲ့ အထင်ကရနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီစာတိုက်ကြီးက ဗီယက်နမ်ရဲ့ အကြီးဆုံးစာတိုက်ဖြစ်ပြီး ယနေ့တိုင် အသုံးပြုနေဆဲပါပဲ။

စာတိုက်ကြီးထဲဝင်လိုက်တာနဲ့ တွေ့လိုက်ရတာက ဗီယက်နမ်တွေရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ ဓာတ်ပုံကြီးပါပဲ။ ပြီးတော့ ခမ်းနားလှပတဲ့ Gothic ဒီဇိုင်းတွေကို လာရောက်လေ့လာကြတဲ့ နိုင်ငံခြားသား အများအပြားကိုလည်း တွေ့ရတယ်။  ဒါ့ပြင် စာလာပို့ကြတဲ့လူတွေ၊ ဗီယက်နမ်ရိုးရာပစ္စည်းဆိုင်တွေ၊ လက်ဆောင် ပစ္စည်းအရောင်းဆိုင်တွေကို တွေ့ရတယ်။

ဗဟိုစာတိုက်ကြီးရဲ့ အရှေ့မှာ ပြင်သစ်ယဉ်ကျေးမှုတွေ လွှမ်းခြုံနေတဲ့ Notre Dame ကတ်သလစ်ဘုရား ရှိခိုးကျောင်းကို တွေ့ရမှာပါ။ Notre Dame ဘုရားရှိခိုးကျောင်းကို ၁၉ ရာစုနှောင်းပိုင်းမှာ ပြင်သစ်တွေ တည်ဆောက်ခဲ့တာပါ။ ဘုရားကျောင်းရဲ့ ၅၈ မီတာအမြင့်ရှိတဲ့ ရဲတိုက်နှစ်ခုကြောင့် လူသိများပါတယ်။ ဘုရားကျောင်းရဲ့ အရှေ့၊ အနောက်နဲ့ ဘေးဘီဝဲယာမှာ ကားလမ်းမတွေရှိပြီး ဘုရားကျောင်းက လမ်းမတွေအလယ်မှာ ထီးထီးကြီး တည်ရှိနေပါတယ်။

ဟိုချီမင်းမြို့ဟာ တောင်နဲ့ မြောက်ဖြစ်ပွားတဲ့ ဗီယက်နမ်စစ်အတွင်းမှာ အမေရိကန်စစ်အခြေစိုက်စခန်း ဖြစ်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲမှာ အသုံးပြုခဲ့တဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ပြသထားတဲ့ စစ်အကြွင်းအကျန် ပြတိုက်ကလည်း မဖြစ်မနေသွားသင့်တဲ့နေရာတစ်ခု ဖြစ်တယ်။

စစ်အကြွင်းအကျန်ပြတိုက် (War Remnants Museum) ကို ၁၉၇၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး “အမေရိကန်နဲ့ ရုပ်သေးအစိုးရတို့ရဲ့ ရာဇဝတ်မှုပြတိုက်” လို့ စတင်နာမည်ပေးခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာတော့ “စစ်ရာဇဝတ်မှုနှင့် ကျူးကျော်မှုပြတိုက်အိမ်” လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ပြန်တယ်။

အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်နိုင်လာနိုင်ပြီး နောက်မှာတော့ “စစ်အကြွင်းအကျန်ပြတိုက်” လို့ ခေါ်ဆိုခဲ့တာ ယနေ့တိုင်အောင်ပါပဲ။

ပြတိုက်ရဲ့အပြင်ဘက်မှာ စစ်ပွဲအတွင်းက အသုံးပြုခဲ့တဲ့ အမေရိကန်တိုက်လေယာဉ်တွေ၊ တင့်ကားတွေ၊ ရဟတ်ယာဉ်တွေ၊ အကျဉ်းထောင် နမူနာပုံစံတွေ၊ ခေါင်းဖြတ်စက်တွေ ပြသထားပါတယ်။

ပြတိုက်အဆောက်အအုံက သုံးထပ်ရှိပြီး တစ်ထပ်စီတိုင်းမှာ စစ်ပွဲကာလအတွင်းက ဓာတ်ပုံတွေကို ကြက်သီးထဖွယ် ကောင်းလောက်အောင် တွေ့မြင်ရမှာပါ။ ပြသထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ခြင်းဖြင့် သမိုင်းအတိတ်ဟောင်းတွေ၊ ထိတ်လန့်ဖွယ်ကောင်းတဲ့ ဘဝပုံရိပ်တွေကို ခံစားမိမှာပါ။ စစ်ရဲ့အနိဋ္ဌာရုံတွေကို တွေ့မြင်ရမှာပါ။

တောင်နဲ့ မြောက်ဗီယက်နမ် စစ်ပွဲကာလအတွင်း ကျေးရွာတစ်ခု ဗုံးကြဲခံရပြီးနောက် ကလေးတွေ လမ်းမပေါ်မှာ အဝတ်မပါဘဲပြေးလွှားနေတဲ့ ‘Napalm Girl’ အမည်ရှိ Pulitzer ဆုရ ဓာတ်ပုံကိုလည်း ပြသထားပါတယ်။

မြို့တော်ခန်းမနဲ့ ဟိုချီမင်းရုပ်တုကြီး အရှေ့မှာရှိတဲ့ Nguyen Hue walking street ကလည်း လက်မလွှတ်သင့်တဲ့ နေရာတစ်ခုပါ။ လမ်းအကျယ်ကြီးကို လူသွားဖို့ပဲ လုပ်ထားပြီး ညဘက်မှာ မီးရောင်စုံတွေနဲ့ ရေပန်းအကတွေ ကြည့်နိုင်ပါတယ်။ လူငယ်တွေ လမ်းလျှောက်ကြ၊ သီချင်းဆိုကြနဲ့ ပွဲစျေးကြီးပမာ စည်ကားလှပါတယ်။

Bui Vien Walking Street လမ်းမကြီးဟာ ဟိုချီမင်းမြို့ရဲ့ နာမည်ကျော်လမ်းကြီးပါ။ဟိုချီမင်းရဲ့ Nightlife Area ကြီးလည်း ဖြစ်ပါတယ်။ ဒီလမ်းမှာ ဘားတွေ၊ နိုက်ကလပ်တွေနဲ့ စားသောက်ဆိုင်တွေကို တစုတဝေး တွေ့မြင်ရမှာပါ။ Nightlife ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ကတော့ လုံးဝ လက်မလွှတ်သင့်တဲ့ နေရာတစ်ခုပဲဖြစ်တယ်။

လွတ်လပ်ရေးနေ့ နန်းတော်ကို ပြန်လည်ပေါင်းစည်းရေးနန်းတော်လို့လည်း လူသိများတယ်။ ပြန်လည်ပေါင်းစည်းရေးနန်းတော်ကို ၁၉၆၃ ခုနှစ်အထိ သမ္မတရဲ့အခြေစိုက်စခန်း ဖြစ်ခဲ့တယ်။ ဒီနန်းတော်မှာ ထိပ်သီးအစည်းအဝေးနဲ့ အခြားအရေးကြီး အခမ်းအနားတွေကို ယနေ့တိုင်ကျင်းပလျက်ရှိတယ်လို့ သိရတယ်။

ဒါ့ပြင် ၂၀ ရာစုအငွေ့အသက်တွေ လွှမ်းမိုးနေတဲ့ Opera House, The Jade Emperor Pagoda, Tan Dinh Catholic Church တို့ကလည်း နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။

ဟိုချီမင်းမြို့မှာ စျေးဝယ်ထွက်ချင်သူတွေအတွက် Ben Thanh Market ဆိုတဲ့ စျေးကြီးရှိပါတယ်။ ဒီစျေးက ဟိုချီမင်းမြို့မှာ အကြီးဆုံးစျေးဖြစ်ပြီး နိုင်ငံခြားခရီးသွား စျေးဝယ်သူတွေကို စွဲဆောင်တဲ့စျေးတစ်ခု ဖြစ်တယ်။

စျေးရုံထဲဝင်လိုက်ရင် ဗီယက်နမ် Hand Made အိတ်ဆိုင်တွေ၊ ရိုးရိုးအိတ်ဆိုင်တွေ၊ အရုပ်တွေ၊ ပဝါတွေ ရောင်းချတဲ့ဆိုင်တွေကို တသီတတန်းကြီး တွေ့ရမှာပါ။

ဒီစျေးမှာ စျေးဝယ်မယ်ဆိုရင် သတိထားရမှာက စျေးဆစ်ဖို့လိုပါတယ်။ ကုန်ပစ္စည်းတွေကို ခုနစ်ဆ၊ ရှစ်ဆလောက် စျေးတင်ရောင်းကြတယ်။ သာမန်ဗီယက်နမ်ရိုးရာ ဒေါင် ၆၀၀၀၀ တန်လက်ကိုင်အိတ်တစ်လုံးကို ဒေါင်လေးသိန်းခွဲလောက် စျေးတင်ရောင်းထားကြပါတယ်။ ညရောက်ရင် စျေးအနားက လမ်းတွေကို ညစျေးအဖြစ် ပြောင်းလဲ ရောင်းချနေကြတယ်။

စျေးရုံထဲမှာ စျေးဝယ်ရင်း ဗိုက်ဆာရင် စားသောက်နိုင်တဲ့ ဗီယက်နမ်စားသောက်ဆိုင်တွေလည်း ရှိတယ်။ ဒါ့ပြင် ဗီယက်နမ်ကော်ဖီရောင်းတဲ့ဆိုင်တွေကလည်း အများအပြားရှိတယ်။ 

ဗီယက်နမ်ရောက်ပြီဆိုတာနဲ့ မဖြစ်မနေ စားသင့်တာကတော့ National Dish ဖြစ်တဲ့ ဗီယက်နမ်ခေါက်ဆွဲ (PHO) ပါပဲ။ PHO မှာ အမဲသားပြုတ်ရည်ထဲ ခေါက်ဆွဲ၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ နံနံပင်၊ သံပုရာသီး၊ ပူစီနံ၊ ငရုတ်သီးစိမ်း ထည့်ပြီးစားရတဲ့ ခေါက်ဆွဲတစ်မျိုးပါ။ ချဉ်စပ်စားလို့ရတဲ့အတွက် မြန်မာလူမျိုးတွေ အကြိုက်တွေ့မှာ သေချာပါတယ်။ ဏံဥ ခေါက်ဆွဲကို ဗီယက်နမ်ရဲ့နေရာတိုင်းမှာ ရနိုင်ပါတယ်။ မြန်မာရဲ့ရိုးရာအစားအစာ မုန့်ဟင်းခါးလိုပေါ့။

ဘန်မီလို့ခေါ်တဲ့ ဗီယက်နမ်ရိုးရာ ပေါင်မုန့်ကတော့ ဗီယက်နမ် ရဲ့ နာမည်ကျော် အစားအစာတစ်ခုဖြစ်ပြီး လမ်းဘေးလက်တွန်းလှည်း ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရပါတယ်။

ပြင်သစ်ရဲ့ ကိုလိုနီလက်အောက်ခံ နိုင်ငံဖြစ်ခဲ့တာကြောင့် ကော်ဖီသောက်တဲ့ အလေ့အထကို ပြင်သစ်တွေက ယူဆောင်လာတယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ဗီယက်နမ်ကော်ဖီဟာ ကိုယ်ပိုင်ဟန်နဲ့ တစ်မူထူးခြားနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။

 ဗီယက်နမ်ကော်ဖီဟာ ကမ္ဘာပေါ်မှာ ဒုတိယအကောင်းဆုံးလို့တောင် သတ်မှတ်ကြပါတယ်။ ဗီယက်နမ်ရဲ့ ကြက်ဥကော်ဖီ၊ ကြောင်ချေးကော်ဖီနဲ့ ကော်ဖီဒိန်ချဉ်တို့ဟာ နိုင်ငံတကာမှာ နာမည်ရနေပါပြီ။

ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံထက် လွတ်လပ်ရေးရတာ နောက်ကျပေမဲ့ ခေတ်မီတိုးတက်နေတယ်ဆိုတာ မိုးမျှော်တိုက်ကြီးတွေက သက်သေပါပဲ။ ခေတ်မီတိုးတက်နေတဲ့ မိုးမျှော်တိုက်တွေနဲ့ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတွေက ဟိုချီမင်းမြို့တော်မှာ ဒွန်တွဲနေပါတယ်။ ရှည်လျားမြင့်မားတဲ့ သစ်ပင်ကြီးတွေက မြို့တော်ကို တန်ဆာဆင်နေကြပါတယ်။

ဗီယက်နမ်ကို မြန်မာနိုင်ငံကနေ နှစ်နာရီခွဲခန့်သာ လေယာဉ်စီးရပြီး ငွေကြေးအနေနဲ့ကလည်း အရမ်းကြီးစျေးမကြီးတဲ့အတွက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုလို့ အကြုံပြုလိုက်ပါတယ်။   

Most Read

Most Recent