ဆာလာ၊ မာနေတို့ရဲ့သွင်းဂိုးတွေနဲ့ အန်ဖီးလ်မှာ နိုင်ပွဲယူခဲ့တဲ့ လီဗာပူးလ်

ဆာလာ၊ မာနေတို့ရဲ့သွင်းဂိုးတွေနဲ့ အန်ဖီးလ်မှာ နိုင်ပွဲယူခဲ့တဲ့ လီဗာပူးလ်
Photos: Twitter
Photos: Twitter
Published 7 March 2020

မထင်မှတ်ဘဲ ဘုန်းမောက်အသင်းကို ဦးဆောင်ဂိုးစောစောစီးစီးပေးခဲ့ရတာကလွဲလို့ လီဗာပူးလ်အသင်းအိမ်ကွင်းအန်ဖီးလ်မှာ အမှားအယွင်းမရှိနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နီးစပ်နေပြီဆိုပေမယ့် ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိရှုံးနိမ့်ထားခဲ့လို့ ဖိအားဝင်နေတဲ့ လီဗာပူးလ်အသင်းအတွက် ဒီနေ့နိုင်ပွဲက စိတ်ပိုင်းဆိုင်ရာတွန်းအားဖြစ်စေမှာသေချာပါတယ်။

အိမ်ကွင်းမှာ အမှားအယွင်းမရှိနိုင်ပွဲယူနိုင်ဖို့အတွက် လီဗာပူးလ်နည်းပြကလော့ပ်ဟာ ဆာလာ၊ မာနေ၊ ဖေမီနို၊ ဝိုင်နယ်လ်ဒမ်း၊ ဖာဘင်ဟို၊ ဗန်ဒိုက်တို့နဲ့ အတောင့်တင်းဆုံးလူစာရင်းကို ပွဲထုတ်ခဲ့ပြီး လိုအပ်နေတဲ့နိုင်ပွဲကိုရယူခဲ့တာပါ။

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာသရေကစားနိုင်ခဲ့တဲ့ ဘုန်းမောက်အသင်းကလည်း အန်ဖီးလ်မှာ လီဗာပူးလ်ဆီက အမှတ်ယူနိုင်ဖို့ကြိုးစားခဲ့ပြီး ကျေနပ်စရာကစားပုံကိုပြသနိုင်ခဲ့ပါတယ်။

ပွဲစကတည်းက လီဗာပူးလ်အသင်း ဖိဖိစီးစီးကစားခဲ့ပေမယ့် ဦးဆောင်ဂိုးရသွားခဲ့တာက ဘုန်းမောက်အသင်းပါ။

ပွဲချိန် (၉)မိနစ်မှာပဲ လာမာရဲ့ ပေးပို့မှုကနေ ဝီလ်ဆင်က အလိုက်သင့်ပိတ်သွင်းယူပြီး ဘုန်းမောက်အသင်းအတွက် ဦးဆောင်ဂိုးဖြစ်စေခဲ့ပါတယ်။

မထင်မှတ်ဘဲဂိုးပေးလိုက်ရလို့ လီဗာပူးလ်အသင်း ကစားအားတင်ခဲ့ပြီး ဘုန်းမောက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ပြန်ရလာခဲ့ပါတယ်။

ပွဲချိန် (၂၅)မိနစ်မှာတော့ လီဗာပူးလ်အသင်း ချေပဂိုးရခဲ့ပြီး မာနေရဲ့ပေးပို့မှုကနေ ဆာလာက လှလှပပကန်သွင်းယူပေးခဲ့တာပါ။

ဆာလာကတော့ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၂၀)ပြည့်ခဲ့ပြီး မိုက်ကယ်အိုဝင် (၂၀၀၀-၀၁ မှ၂၀၀၂-၀၃)နောက်ပိုင်း (၃)ရာသီဆက်ပြိုင်ပွဲစုံသွင်းဂိုး (၂၀)နှင့်အထက်သွင်းယူနိုင်တဲ့ လီဗာပူးလ်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ချေပဂိုးရပြီးချိန်မှာတော့ လီဗာပူးလ်အသင်းကပဲ ပွဲကိုစိုးမိုးသွားခဲ့ပြီး (၃၃)မိနစ်မှာ ဗန်ဒိုက်ရဲ့ပေးပို့မှုကနေ မာနေက ဂိုးသမားနဲ့တစ်ဦးချင်းတွေ့တဲ့အနေအထားမှာ အမှားအယွင်းမရှိကန်သွင်းယူပြီး လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးဖြစ်စေခဲ့ပါတယ်။

ပထမပိုင်းမှာ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘုန်းမောက်အသင်းချေပဂိုးရဖို့ကြိုးစားလာခဲ့လို့ ပွဲကအရှိန်ပိုမြင့်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းကတော့ ပွဲကိုစိတ်ကြိုက်ထိန်းကစားနေခဲ့ပြီး ဘုန်းမောက်အသင်းကို အခွင့်အရေးမပေးဖို့ကြိုးပမ်းခဲ့တာပါ။

ဘုန်းမောက်အသင်းအနေနဲ့ ချေပဂိုးရဖို့နီးစပ်တဲ့ အခြေအနေတွေရှိခဲ့ပြီး ဂိုးသမားအက်ဒရီယန်ကိုကျော်ပြီး ဂိုးပိုက်ထဲဝင်တော့မယ့် ဘောလုံးကို မီလ်နာအချိန်မီဖျက်ထုတ်နိုင်ခဲ့လို့လည်း လီဗာပူးလ်အသင်းသက်သာရာရခဲ့တာပါ။

လီဗာပူးလ်အသင်းကလည်း နောက်ထပ်ဂိုးတွေရဖို့ အခွင့်အရေးတွေရှိခဲ့ပေမယ့် ဆာလာ၊ ဖေမီနိုတို့အသုံးမချနိုင်ခဲ့သလို ရမ်းစ်ဒေးလက်စွမ်းပြ ကာကွယ်မှုတွေလုပ်ခဲ့လို့လည်း နစ်နာခဲ့ရတာပါ။

ပွဲပြီးဆုံးချိန်မှာတော့ လီဗာပူးလ်အသင်းက အိမ်ကွင်းအန်ဖီးလ်မှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲစဉ် (၂၉)ကစားပြီးချိန်မှာ ဒုတိယနေရာကမန်စီးတီးအသင်းကို (၂)ပွဲပို (၂၅)မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။

 

Most Read

Most Recent