ပွဲကြည့်စင်ပေါ်အထိတက်ပြီး ပရိသတ်နှင့်ပြဿနာဖြစ်ပွားခဲ့သည့် ဒိုင်ယာ၏ လုပ်ရပ်မှားယွင်းသော်လည်း ကလပ်အသင်းအနေဖြင့် အရေးမယူရန် မော်ရင်ဟိုပြောကြား

ပွဲကြည့်စင်ပေါ်အထိတက်ပြီး ပရိသတ်နှင့်ပြဿနာဖြစ်ပွားခဲ့သည့် ဒိုင်ယာ၏ လုပ်ရပ်မှားယွင်းသော်လည်း ကလပ်အသင်းအနေဖြင့် အရေးမယူရန် မော်ရင်ဟိုပြောကြား
Photos : Daily Mail & Getty Images
Photos : Daily Mail & Getty Images
Published 5 March 2020

 

စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပွဲကြည့်စင်ပေါ်အထိတက်ပြီး ပရိသတ်တစ်ဦးနှင့် ပြဿနာဖြစ်ပွားခဲ့သည့် ဒိုင်ယာ၏ လုပ်ရပ်မှာ မှားယွင်းသော်လည်း ကလပ်အသင်းက အရေးယူမည်ဆိုပါက မိမိကန့်ကွက်သွားမည်ဟု ဆိုခဲ့သည်။

စပါးအသင်းက နောဝစ်ချ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် FA ဖလားပွဲစဉ်အပြီးတွင် စပါးအသင်းပရိသတ်တစ်ဦးနှင့် ဒိုင်ယာတို့အကြား ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပရိသတ်သည် ကွင်းအတွင်းတွင် ရှိနေသည့် ဒိုင်ယာအပေါ် ဆဲဆိုဝေဖန်မှုများ ပြုလုပ်နေရာ ပွဲကြည့်စင်ပေါ်တွင်ရှိနေသည့် ဒိုင်ယာ၏ ညီအစ်ကိုတော်စပ်သူက ဆဲဆိုခြင်းမပြုရန် သတိပေးခဲ့ပြီး ၎င်းတို့နှစ်ဦးသည် ထပ်မံပြဿနာဖြစ်ပွားခဲ့သည်။

ယင်းမြင်ကွင်းကို ကွင်းအတွင်း၌ ရှိနေသည့် ဒိုင်ယာက မြင်တွေ့ကာ ကွင်းဘေးရှိ ဘုတ်ပြားများနှင့် လှေကားထစ်ပေါင်းများစွာကိုကျော်ကာ ပွဲကြည့်စင်ပေါ်တက်လာခဲ့ခြင်းဖြစ်ပြီး ဒိုင်ယာတက်လိုက်လာသည်ကို တွေ့သည့် ယင်းစပါးပရိသတ်သည် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ဒိုင်ယာအား အခြားပရိသတ်များက ဝိုင်းဝန်းထိန်းသိမ်းဖျောင်းဖျခဲ့ရပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မော်ရင်ဟိုက "ဒိုင်ယာရဲ့လုပ်ရပ်က မှားယွင်းခဲ့ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းက သူ့ကိုဒီကိစ္စအတွက် အရေးယူမယ်ဆိုရင်တော့ ကျွန်တော် ကန့်ကွက်သွားမှာပါ"ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကမူ ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် စီစဉ်နေပြီး ရုပ်သံသုံးသပ်သူအချို့ကလည်း မည်သို့ပင်ဖြစ်စေပရိသတ်နှင့် ထိပ်တိုက်ရန်မဖြစ်သင့်ဟု ဆိုနေကြသည်။

 

Most Read

Most Recent