မတ်နှင့် ဇွန်လတွင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပွဲစဉ်များကို ရွှေ့ဆိုင်းရန် AFC စီစဉ်ထားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းပြီးမှ အတည်ပြုထုတ်ပြန်မည်

မတ်နှင့် ဇွန်လတွင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပွဲစဉ်များကို ရွှေ့ဆိုင်းရန် AFC စီစဉ်ထားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ညှိနှိုင်းပြီးမှ အတည်ပြုထုတ်ပြန်မည်
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 5 March 2020

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မတ်နှင့် ဇွန်တွင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်အုပ်စုပွဲများကို ရွှေ့ဆိုင်းရန် စီစဉ်ထားပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ညှိနှိုင်းပြီးမှ အတည်ပြုထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

    ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲအပါအဝင် အခြားအားကစားပြိုင်ပွဲအများစုကိုလည်း ရွှေ့ဆိုင်းလျက်ရှိပြီး AFC အနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ရွှေ့ဆိုင်းရန် စီစဉ်နေခြင်းဖြစ်သည်။

 ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် အစည်းအဝေးတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအားလုံးကို ရွှေ့ဆိုင်းရန် ဆွေးနွေးခဲ့ပြီး FIFA နှင့် အစည်းအဝေးပြုလုပ်၍ အတည်ပြုမည်ဖြစ်သည်။ 

''AFC ရဲ့ ဆန္ဒကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ရွှေ့ဆိုင်းချင်နေပါတယ်။ ဒီလထဲမှာကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအပြင် ဇွန်လမှာကစားမယ့်ပွဲ တွေကိုပါ ရွှေ့ဆိုင်းဖို့  စီစဉ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ သဘောတူညီမှုရမှ ပြောင်းရွှေ့လို့ရမှာပါ။ မတ် (၂) ရက်ကပြုလုပ်တဲ့ အစည်းအဝေးမှာ FIFA က တာဝန်ရှိသူတွေမပါတာကြောင့် AFC အနေနဲ့ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်လို့ မရခဲ့ပါဘူး။ ဒါကြောင့် FIFA က တာဝန်ရှိသူ တွေပါဝင်တဲ့အစည်းအဝေးကို ဒီရက်ပိုင်းမှာ ထပ်မံကျင်းပမှာပါ။ အဲဒီအစည်းအဝေးပြီးမှ ပွဲစဉ်ရွှေ့ဆိုင်းမလားဆိုတာ သိရမှာပါ'' ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက Eleven Sports သို့ ပြောကြားသည်။ 

AFC နှင့် FIFA မှ တာဝန်ရှိသူများသည် မတ် ၇၊ ၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးကာ ပွဲစဉ်ရွှေ့ဆိုင်းခြင်းရှိ၊ မရှိ ဆုံး ဖြတ်မည်ဖြစ်သည်။ 

AFC သည် ကိုရိုနာဗိုင်းရပ်စ် အခြေအနေအပေါ်မူတည်၍ နှစ်လယ်ပိုင်းအထိ ကစားရန် စီစဉ်ထားသည့် ပွဲများကိုပါ ရွှေ့ဆိုင်းရန် စီစဉ်နေခြင်းဖြစ်သည်။

 ပွဲစဉ်များရွှေ့ဆိုင်းဖြစ်ပါက စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

 မြန်မာအသင်း အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည့် ဂျပန်နိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေပြီး ပြည်တွင်း ပွဲများကိုလည်း ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

    မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သုံးပွဲကစားရန် ကျန်ရှိနေ ပြီး မတ်လတွင်နှစ်ပွဲ၊ ဇွန်လတွင်တစ်ပွဲ ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။

 မြန်မာ့လက်ရွေးစင်အသင်းသည် မတ် (၂၆) ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် (၃၁) ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် (၉) ရက် တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ တွင် (၅)ပွဲကစား (၆)မှတ်ရထားသည်။

 

Most Read

Most Recent