ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် Hall of Fame (ဂုဏ်ထူးဆောင်ခန်းမ)ကို လာမည့်မတ်လတွင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ပြိုင်ပွဲ၏ပုံရိပ်ကို မြှင့်တင်ပေးခဲ့သော ကစားသမားဟောင်းများကို ဂုဏ်ပြုရန်အတွက် Hall of Fame ဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး စပွန်ဆာကုမ္ပဏီ Budweiser က ကူညီပံ့ပိုးပေးသွားမည်ဟု သိရှိရသည်။
ပရီးမီးယားလိဂ် Hall of Fame ကို မတ်လ(၁၉)ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပထမဆုံးရွေးချယ်ခံရသည့် ကစားသမားနှစ်ဦးကိုလည်း ယင်းနေ့တွင်ပင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် Hall of Fame ၌ ထပ်မံထည့်သွင်းမည့် ကစားသမားများကို ပဏာမစာရင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
Hall of Fame တွင် ပါဝင်မည့် ကစားသမားများမှာ ၁၉၉၂ ခုနှစ်က စတင်ခဲ့သော ပရီးမီးယားလိဂ်ခေတ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကစားသမားများကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး ကစားသမားဘဝမှ အနားယူပြီးဖြစ်သည့် ကစားသမားဟောင်းများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာစ်က ''Hall of Fame မှာ အကောင်းဆုံးကစားသမားတွေပဲ နေရာရမှာပါ။ ကမ္ဘာတစ်လွှားမှာရှိတဲ့ ပရီးမီးယားလိဂ်ပရိသတ်တွေအနေနဲ့ ဒီအတွက် ၀ိုင်းဝန်းရွေးချယ်ခွင့်ရတာဟာလည်း ထူးခြားတဲ့အခွင့်အရေးတစ်ရပ်ပါပဲ'' ဟု ပြောကြားခဲ့သည်။










