အီတလီနိုင်ငံတွင် ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားမည့် စီးရီးအေပွဲစဉ်(၂၆)မှ ပွဲစဉ်(၅)ပွဲအား ပရိသတ်မပါဘဲ ကွင်းပိတ်ကစားသွားမည်ဖြစ်ကြောင်း BBC သတင်းဌာနက တင်ပြခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု စတင်ဖြစ်ပွားလာခဲ့ပြီး လူသေဆုံးမှုများလည်း ရှိလာရာ စီးရီးအေပြိုင်ပွဲအပါအဝင် အီတလီနိုင်ငံ တွင် ကျင်းပလျက်ရှိသည့် အားကစားပွဲအချို့အား ဖျက်သိမ်းမှုများ၊ ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့သည်။
အီတလီမြောက်ပိုင်းရှိ မြို့အချို့အား ပိတ်ဆို့မှု(Lockdown) ပြုလုပ်ထားပြီး ဖေဖော်ဝါရီ(၂၆)ရက်အထိ ရရှိထားသော အချက်အလက်များအရ ရောဂါပိုး ကူးစက်ခံထားရသူ (၂၂၉)ဦးနှင့် သေဆုံးသူ (၇) ဦးရှိထားပြီဖြစ်ကြောင်း BBC သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် စီးရီးအေပွဲစဉ်(၂၅)တွင်လည်း (၄) ပွဲကို ရွှေ့ဆိုင်းခဲ့ပြီး ယခုတစ်ပတ်ပွဲစဉ်(၂၆)တွင်မူ ပွဲရွှေ့ဆိုင်းမှုမပြုလုပ်တော့ဘဲ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားသွားမည်ဖြစ်သည်။
အီတလီအားကစားဝန်ကြီး စပါဒါဖော်ရာက ပွဲစဉ်(၂၆)မှ ပွဲစဉ်(၅)ပွဲကို ပရိသတ်မပါဘဲ ကစားစေမည်ဟု အတည်ပြုခဲ့ပြီး တနင်္လာနေ့တွင် ကစားမည့် ဆမ်ဒိုးရီးယား-ဗီရိုနာ ပွဲစဉ်ကိုမူ အခြေအနေပေါ် မူတည်၍ ချင့်ချိန်ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း သိရသည်။ စပါဒါဖော်ရာက ''ချင့်ချိ်န်တွက်ဆမှုတွေကို အင်နဲ့အားနဲ့ ပြုလုပ်နေပါတယ်။ လက်ရှိအနေအထားအရ လာမယ့်တနင်္ဂနွေအထိ စီးရီးအေပြိုင်ပွဲအပါအဝင် အားကစားပွဲ တချို့ကို ပိတ်ထားရမှာပါ။ အထူးသဖြင့် လွန်ဘာဒီဒေသ(အင်တာမီလန်၊ အေစီမီလန်၊ အတ္တလန်တာ၊ ဘရက်စီယာတို့ တည်ရှိသည့်အရပ်)ပေါ့။ တချို့အရပ်တွေမှာတော့ ဖြေလျှော့ပေးလိုက်ပါပြီ''ဟု အတည်ပြုထားသည်။
ပွဲစဉ်(၂၆)တွင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားသွားမည့် ပွဲစဉ်များမှာ အူဒီးနီးစ်-ဖီအိုရင်တီးနား၊ အေစီမီလန်-ဂျီနိုအာ၊ ပါးမား-SPAL၊ ဆာဆူအိုလို- ဘရက်စီယာနှင့် ဂျူဗင်တပ်စ်-အင်တာမီလန် ပွဲစဉ် များဖြစ်ကြသည်။ ယခုရာသီတွင် ချန်ပီယံဆုအ တွက် အပြိုင်ဖြစ်နေသည့် ဂျူဗင်တပ်စ်နှင့် အင်တာမီလန်တို့၏ နာမည်ကျော်အီတလီဒါဘီပွဲစဉ်မှာ ပုံမှန်အားဖြင့် ပရိသတ်အပြည့်အလျှံလာအားပေးလေ့ ရှိသည့် ပွဲတစ်ပွဲဖြစ်ပြီး ဂျူဗင်တပ်စ်ကွင်းတွင် ကစားခဲ့သည့် နောက်ဆုံးအီတလီဒါဘီပွဲစဉ်တွင် လက်မှတ်ရောင်းချရခြင်းမှ ဝင်ငွေ ယူရို(၃)သန်းအထိ ရရှိခဲ့သည်။










