စပိန်ကလပ် မာလာဂါအသင်းကို ဝယ်ယူရန် စီစဉ်နေသည့်အဖွဲ့တွင် နာမည်ကျော် ဟောလီးဝုဒ်သရုပ်ဆောင် ဂျော့ချ်ကလူနီလည်း ပါဝင်နေကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် စပိန်ဆီဂန်ဒါသို့ ရောက်ရှိနေသော မာလာဂါအသင်းကို အသင်းပိုင်ရှင် ရှိတ်အယ်လ်သာနီက ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေပြီး ဂျော့ချ်ကလူနီ ပါဝင်သည့်အဖွဲ့နှင့် ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
မာလာဂါအသင်းသည် လာလီဂါတွင်ရှိစဉ်က ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရသည့်အဆင့်အထိ ရောက်ရှိခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင်မူ ဆီဂန်ဒါမှ တန်းထပ်မဆင်းရရန်ပင် ရုန်းကန်နေရသည်။
ထို့ပြင် အသင်းပိုင်ရှင် ကာတာစော်ဘွား ရှိတ်အယ်လ်သာနီသည် အသင်းပိုင် ငွေကြေးများကို မိသားစုအတွက် ယူငင်သုံးစွဲခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် မာလာဂါအသင်းကို ယူရိုသန်း(၁၀၀)ရရှိပါက ရောင်းထုတ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဂျော့ချ်ကလူနီသည် စီးပွားရေးလုပ်ငန်းများစွာ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသူဖြစ်ပြီး ယခု မာလာဂါအသင်းကို ဝယ်ယူရန်အတွက် အမေရိကန်စီးပွားရေးသမားများနှင့် အကျိုးတူအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။










