ဘာစီလိုနာအသင်းသည် နာပိုလီနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အသင်းသားများကို ကိုရိုနာဗိုင်း ရပ်စ်လက္ခဏာများနှင့် ပတ်သက်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့နေပြီး လူသေဆုံးမှုများလည်း တွေ့ရှိနေရပြီဖြစ်ရာ မြို့အချို့တွင် Lockdown ပြုလုပ်ထားသလို၊ စီးရီးအေပွဲစဉ်အချို့ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

သို့ဖြစ်၍ နေပယ်လ်မြို့တွင် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်အတွက် ဘာစီလိုနာအသင်းက စိုးရိမ်ပူပန်နေပြီး အဆိုပါပွဲမတိုင်မီအသင်းမှ ကစားသမားများ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးသွားမည်ဖြစ်သည်။
ESPN သတင်းဌာန၏ ဖော်ပြချက်အရ နေပယ်လ်လေဆိပ်သို့ ဘာစီလိုနာကစားသမားများ ဆိုက်ရောက်သည်နှင့် ကစားသမားများ၏ အပူချိန်ကို တိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသည့် လက္ခဏာရှိ၊ မရှိစစ်ဆေးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အကယ်၍ ဖျားနာသည့်လက္ခဏာ တွေ့ရှိရပါက လေဆိပ်မှနေ၍ ဆေးရုံသို့ တိုက်ရိုက်ခေါ်ဆောင်သွားမည်ဖြစ်သည်။
အီတလီနိုင်ငံတွင် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေပြီး အီတလီမြောက်ပိုင်းတွင် ပြင်းထန်သည့်အခြေအနေများ ရှိနေသည်။

ယခုအပတ်ယှဉ်ပြိုင်ကစားသည့် စီးရီးအေပွဲစဉ်(၂၅)တွင် ပွဲစဉ်(၄)ပွဲအထိ ဖျက်သိမ်းခဲ့ပြီး မီလန်မြို့တွင် ကစားမည့် အင်တာမီလန်နှင့် လူဒိုဂိုရတ်စ်တို့၏ ယူရိုပါလိဂ်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းပေးရန် အဆိုပြုမှုများရှိနေသည်။










