ယခုတစ်ပတ် စတင်ရန် စီစဉ်ထားသည့် K League ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း

ယခုတစ်ပတ် စတင်ရန် စီစဉ်ထားသည့် K League ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်း
Photo: K League United
Photo: K League United
Published 24 February 2020

ယခုတစ်ပတ် စတင်ရန် စီစဉ်ထားသည့် တောင်ကိုရီးယားအမှတ်ပေးဘောလုံးပြိုင်ပွဲ K League ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

ယခု ၂၀၂၀ ရာသီမှာ K League ပြိုင်ပွဲ၏ (၃၈)ကြိမ်မြောက်ရာသီဖြစ်ပြီး ဖေဖော်ဝါရီ(၂၉)တွင် စတင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် တရုတ်နိုင်ငံမှ စတင်ပျံ့နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် တောင်ကိုရီးယားနိုင်ငံသို့လည်း ရောက်ရှိခဲ့ပြီး လူ(၇)ဦးသေဆုံးခဲ့ပြီဖြစ်သည်။

ထို့ကြောင့် တောင်ကိုရီးယားတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကာ အားကစားပြိုင်ပွဲများစွာကို ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းအခြေအနေကြောင့် K League ပြိုင်ပွဲ တာဝန်ရှိသူများအနေဖြင့်လည်း ယနေ့ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ရာသီသစ် စတင်မည့်အချိန်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရွှေ့ဆိုင်းခြင်းကို ပရိသတ်များအား ကြေညာချက်ထုတ်ပြန်ကာ အသိပေးခဲ့ရာတွင် K League ဥက္ကဋ္ဌဖြစ်သူက ဘောလုံးသမားများနှင့် ပရိသတ်များကို လုံခြုံစိတ်ချရမှု ရှိစေရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြိုင်ပွဲစတင်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent