ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အိ်မ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲယူခဲ့ကြတဲ့ မန်ယူနဲ့ ဝုလ်ဗ်

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အိ်မ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲယူခဲ့ကြတဲ့ မန်ယူနဲ့ ဝုလ်ဗ်
Photos: Twitter
Photos: Twitter
Published 23 February 2020

ပရီးမီးယာားလိဂ်ပွဲစဉ် (၂၇) တနင်္ဂနွေညရဲ့ပွဲစဉ်တွေမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ အပြိုင်ဖြစ်နေတဲ့ မန်ယူအသင်းနဲ့ ဝုလ်ဗ်အသင်းတို့ အိမ်ကွင်းမှာ (၃-၀)ဂိုးရလဒ်တွေနဲ့ ဂိုးပြတ်နိုင်ပွဲကိုယ်စီယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယုံကြည်မှုပိုမြင့်ခဲ့တဲ့မန်ယူအသင်း ဒီနေ့ပွဲမှာလည်း ဝက်ဖို့ဒ်အသင်းကို အကောင်းဆုံးပုံစံနဲ့ အနိုင်ယူခဲ့တာပါ။

မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ဂရင်းဝုဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ မာစီယဲလ်၊ ဒန်နီယဲလ်ဂျိမ်းစ်၊ ဖရက်ဒ်တို့နဲ့လူစုံခဲ့ပြီး ဝက်ဖို့ဒ်အသင်းကလည်း ဒီးနီ၊ ဒယ်လိုဖူ၊ ဒူကူဟေ၊ ကာပိုးတို့လို အဓိက ကစားသမားအစုံအလင်နဲ့တုံ့ပြန်ခဲ့တာပါ။

ပွဲအစပိုင်းမှာ မန်ယူအသင်းအထလေးခဲ့ပြီး ဝက်ဖို့ဒ်အသင်းရဲ့ လျှင်မြန်တဲ့တုံ့ပြန်မှုတွေကြောင့် အခွင့်အရေးတွေပေးခဲ့ရပါတယ်။

ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူအသင်းကစားပုံတည်ငြိမ်လာခဲ့ပြီး ဖရက်ဒ်၊ မာတစ်၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်ပိုင်းက ပြိုင်ဘက်ကွင်းလယ်ပိုင်းကို အသာစီးယူနိုင်ခဲ့တာပါ။

မန်ယူအသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၄၂)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က သူ့ကြောင့်ရတဲ့ပယ်နယ်တီကို ကိုယ်တိုင်အမှားအယွင်းမရှိကန်သွင်းယူပြီး မန်ယူကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်စေခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ ဝက်ဖို့ဒ်အသင်းချေပဂိုးအတွက် ကြိုးစားခဲ့ပြီး ဒီးနီဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ပြန်လည်ကြည့်ရှုပြီးချိန်မှာ မိုက်ကယ်ဒေါ်ဆင်လက်နဲ့ထိခဲ့လို့ ဂိုးမရခဲ့ပါဘူး။

ပထမပိုင်းမှာ (၁-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာလည်း မန်ယူအသင်းက ကစားကွက်အသားစီးယူနိုင်ခဲ့ကာ နောက်ထပ်ဂိုးတွေသွင်းယူခဲ့ပါတယ်။

မန်ယူအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၅၈)မိနစ်မှာ မာစီယဲလ်ကသွင်းယူခဲ့ပြီး၊ တတိယဂိုးကို ပွဲချိန် (၇၅)မိနစ်မှာ ဂရင်းဝုဒ် က လှလှပပသွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဂရင်းဝုဒ်ကတော့ ဒီရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၁)ဂိုးမြောက်ဖြစ်ခဲ့ပြီး အခြားပရီးမီးယားလိဂ် ဆယ်ကျော်သက်ကစားသမားအားလုံးထက်များပြားခဲ့ပါတယ်။

လက်ကျန်မိနစ်မှာတော့ ဝက်ဖို့ဒ်အသင်းချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် မန်ယူအသင်းက အနိုင်ရလဒ်ကိုထိန်းကစားသွားလို့ (၃-၀)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်မှာတော့ ဝုလ်ဗ်အသင်းက နောဝစ်ချ်အသင်းကို အိမ်ကွင်းမှာ (၃-၀)ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အသက်ဆက်စေခဲ့ပါတယ်။

ကြားရက်ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြပြီး အက်စ်ပန်ညိုကို (၄-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဝုလ်ဗ်အသင်းဒီနေ့ပွဲမှာလည်း အကောင်းဆုံးပုံစံပြပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာပါ။

ပွဲချိန် (၁၉)မိနစ်မှာပဲ ယိုတာက ဝုလ်ဗ်အတွက်အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး၊ နောက်ပိုင်းပွဲချိန်တွေမှာတော့ ဝုလ်ဗ်အသင်းကပဲ ပွဲကိုစိတ်ကြိုက်ထိန်းချုပ်ကစားသွားခဲ့တာပါ။

ပွဲချိန်မိနစ် (၃၀)မှာ ယိုတာက ဒုတိယဂိုးကိုထပ်မံသွင်းယူခဲ့ပြီး ပထမပိုင်းမှာ (၂-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန် မိနစ် (၅၀)မှာပဲ ဟီမင်နက်ဇ်က ဝုလ်ဗ်အသင်းအတွက် တတိယဂိုးကိုသွင်းယူခဲ့ပြီး၊ လက်ကျန်ပွဲချိန်တွေမှာ နောဝစ်ချ်အသင်းအခွင့်အရေးတချို့ရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ ချေပဂိုးနဲ့ဝေးခဲ့ရတာပါ။

ဝုလ်ဗ်အသင်းကလည်း နောက်ထပ်ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ (၃-၀)ဂိုးနဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။

 

Most Read

Most Recent