အာဆင်နယ်အသင်းသည် လေဗာကူဆင်အသင်း၏ ဂျာမန်နောက်ခံလူ တီအာဟာအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်း၏ စာချုပ်ဖျက်သိမ်းကြေးပေါင်(၃၄)သန်းကို ပေးချေ၍ ခေါ်ယူသွားရန် စီစဉ်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် အာတီတာလက်ထက်တွင် ခံစစ်ပိုင်းစွမ်းဆောင်ရည်တိုးတက်လာသော်လည်း နည်းပြ အာတီတာကမူ အသင်းတွင် ခံစစ်လိုအပ်ချက်ရှိနေဆဲဖြစ်သည်ဟု ယူဆနေပြီး နွေရာသီအပြောင်းအရွှေ့ကာလတွင် လူအင်အားဖြည့်တင်းရန် ရည်ရွယ်ထားသည်။

အာဆင်နယ်အသင်းသည် မူလက လိုက်ပ်ဇစ်နောက်ခံလူ အူပါမယ်ကာနိုကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ယခုအခါ စျေးနှုန်းပိုမိုသက်သာသည့် တီအာဟာကို ပြောင်းလဲပစ်မှတ်ထားလာခြင်းဖြစ်သည်။
တီအာဟာအား ခေါ်ယူရန်အတွက် အက်သလက်တီကိုအသင်းကလည်း စိတ်ဝင်စားနေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့တွင် စာချုပ်ဖျက်သိမ်းကြေးပေါင် (၃၄)သန်းကိုပေးရန်အသင့်ရှိနေသည့်အတွက် အာဆင်နယ်အသင်းနှင့် အပြိုင်လုရဖွယ်ရှိနေကြောင်းသိရသည်။

အသက်(၂၄)နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်နောက်ခံလူ တီအာဟာသည် လေဗာကူဆင်အသင်းအတွက် ပွဲပေါင်း(၁၆၀) ကျော်ကစားပေးထားသလို၊ ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၆ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ (၉)ပွဲပါဝင်ကစားပေးထားသည်။










