ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအကြား အမှတ်ကွာဟမှုက တစ်မှတ်ပဲရှိတော့တယ်။ ဒါက လာလီဂါချန်ပီယံပြေးလမ်းပေါ် ဒီနှစ်သင်းရဲ့ပြိုင်ဆိုင်မှုအရှိန်နှုန်းကို ပိုမြှင့်တင်လိုက်သလိုဖြစ်သွားခဲ့တယ်။ တစ်ဖက်မှာလည်း ချန်ပီယံလိဂ်ပြန်ဝင် လာချိန်ဆိုတော့ ပြိုင်ပွဲနှစ်ခုကြား ဒီနှစ်သင်းရဲ့ပြိုင်ဆိုင်မှုအင်အားကို စောင့်ကြည့်ရတာက စိတ်လှုပ်ရှားစရာပိုဖြစ်လာခဲ့တယ်။ အခုတစ်ပတ်ပွဲစဉ် (၂၅)မှာလည်း ဘာစီလိုနာအသင်းက အီဘာအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပြီး၊ ရီးယဲလ်မက်ဒရစ်အသင်းက လီဗန်တေးအသင်းနဲ့ အဝေးကွင်းမှာယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီနှစ်သင်းထိပ်တိုက်တွေ့တဲ့ပွဲမတိုင်ခင်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . . .
ဆယ်လ်တာဗီဂို နှင့် လီဟာနက်စ် (စနေညနေ ၆း၃၀ နာရီ)
ဆယ်လ်တာဗီဂိုကတော့ တန်းဆင်းအန္တရာယ်နဲ့ လွတ်ကင်းရာရောက်ဖို့ အစွမ်းကုန်ရုန်းနေသလို ၂၀၂၀ ထဲမှာလည်း ခြေစွမ်းပိုင်းတိုးတက်လာတာ တွေ့ရတယ်။ အခုလည်းအိမ်ကွင်းမှာ တန်းဆင်းဇုန်ထဲက လီဟာနက်စ်လိုအသင်းကို အမှတ်မပေးလိုက်မိဖို့ ဆယ်လ်တာဗီဂို အားထုတ်လာမှာသေချာပါတယ်။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။
ဘာစီလိုနာ နှင့် အီဘာ (စနေည ၉း၃၀ နာရီ)
ဘာစီလိုနာအတွက်တော့ ဒီပွဲက အခက်အခဲသိပ်မရှိနိုင်ပါဘူး။ ဘာစီလိုနာဟာ နည်းပြသစ် ဆယ်တီယန်နဲ့အတူ အိမ်ကွင်းကစားပုံတက်လာတာလည်း တွေ့နေရတယ်။ လာလီဂါ (၄)ပွဲဆက် မက်ဆီ ဂိုးမသွင်းနိုင်ပေမယ့်လည်း အိမ်ကွင်းဆိုရင် ဂရီးဇ်မန်း၊ အန်ဆူဖာတီတို့ရဲ့ သွင်းဂိုးတွေကို မျှော်လင့်ထားလို့ရနေပြီး ကွင်းလယ်ပိုင်းဖန်တီးမှုလည်း ပိုလုပ်လာနိုင်တာ တွေ့ ရတယ်။ အီဘာကလည်း ဒီရာသီအဝေးကွင်းခြေစွမ်း အားနည်းနေတဲ့အပြင် အစဉ်အလာတွေအရပြန်ကြည့်ရင်လည်း ဘာစီလိုနာကို ယှဉ်နိုင်လေ့မရှိပါဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ အသင်းကြီးတွေနဲ့တွေ့ဆုံရင် ခံစစ်ကိုသတိထားပြီး တန်ပြန် တိုက်စစ်အားကိုးနဲ့ကစားလေ့ရှိတဲ့ အီဘာကစားပုံကိုတော့ ခုချိန်အထိ တည်ငြိမ်မှုမရှိသေးတဲ့ ဘာစီလိုနာခံစစ် သတိထားဖို့လိုနေတာအမှန်ပဲ။ ဒီပွဲပြီးရင် ချန်ပီယံလိဂ်အဝေးကွင်းပွဲနွှဲရ တော့မှာဖြစ်လို့ ဘာစီလိုနာရဲ့ကစားအားကို သတိထားသင့်ပေမယ့် အိမ်ကွင်းဆိုမျက်နှာပျက်ခံလေ့မရှိတဲ့ ဘာစီလိုနာ အနိုင်ကစားမှာတော့သေချာတယ်။ ဂိုးလည်းပြတ်သွားနိုင်တယ်။
ဆိုစီဒက် နှင့် ဗလင်စီယာ (စနေည ၁၂းဝ၀ နာရီ)
ချန်ပီယံလိဂ်တစ်ဖက်နဲ့ ဗလင်စီယာ အာရုံများနေနိုင်တယ်။ အခုနောက်ပိုင်း အဝေးကွင်းပွဲစဉ်တွေမှာလည်း ဗလင်စီယာ ပုံစံပျက်နေပြီး ရှုံးပွဲတွေဆက်နေတဲ့အပြင် ခံစစ်ပိုင်းက ပေးဂိုးတွေများလာတာကိုလည်း တွေ့ရတယ်။ ဆိုစီဒက်က ဒီပွဲမတိုင်ခင် အီဘာ နဲ့ ပွဲကိုလည်း အနားရထားလို့ အခုအိမ်ကွင်းပွဲကို အင်အားအပြည့်နဲ့ကစားခွင့်ရှိနေတယ်။ ကြားရက်ချန်ပီယံလိဂ်ပွဲမှာ အတ္တလန်တာကို အဝေးကွင်းသွားကစားထားရတဲ့ ဗလင်စီယာအသင်း အဝေးကွင်းပွဲဆက်မှုမှာ ဖိအားရှိနေနိုင်ပါတယ်။ အနိုင်ဆိုရင်တော့ ဆိုစီ ဒက်ကိုပဲ ရွေးထားချင်တယ်။ ဂိုးလည်းများမယ်။
လီဗန်တေး နှင့် ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)
ဒီပွဲအပြီး ချန်ပီယံလိဂ်နွှဲရမယ့် ရီးယဲလ်မက်ဒရစ်အတွက် လီဗန်တေးလိုအသင်းရဲ့ကွင်းမှာ လာကစားရဖို့ရှိနေတာက စိန်ခေါ်မှုပိုရှိသလိုဖြစ်နေတယ်။ နောက်ပိုင်းတွေ့ဆုံမှုရလဒ် တွေအရလည်း လီဗန်တေးက ရီးယဲလ်အတွက် ပြိုင်ဘက်ကောင်းတစ်သင်းလို့ပြောလို့ရလို့ အခုပွဲကိုလည်း ရီးယဲလ်တို့ ခက်ခက်ခဲခဲရင်ဆိုင်ရဦးမယ့်ပုံပါပဲ။ အထူးသဖြင့် ပြိုင်ပွဲစုံ နောက်ဆုံး (၃)ပွဲဆက် (၇)ဂိုးပေးထားရတဲ့ ရီးယဲလ်ခံစစ်ကလည်း အနည်းငယ်အားလျော့လာနေပုံပေါ်နေတယ်။ လီဗန်တေးကလည်း အိမ်ကွင်းမှာ အသင်းကြီးတွေကို အခက်တွေ့အောင် ရင်ဆိုင်နိုင်လေ့ရှိတဲ့အသင်းမျိုးဖြစ်ပြီး ဒီရာသီ အိမ် ကွင်းမှာ ဘာစီလိုနာကိုတောင် ဂိုးပြတ်အနိုင်ကစားထားတဲ့ အသင်းဖြစ်နေလို့ ရီးယဲလ်ကို ရှိန်နေမယ့်အသင်းမဟုတ်ဘူး။ ရဲရဲတုံ့ပြန်လာနိုင်တဲ့အသင်းဖြစ်နေတယ်။ လီဗန်တေးရဲ့ အိမ် ကွင်းကစားအားနဲ့ ရီးယဲလ်ခံစစ်ရဲ့ လက်ရှိအခြေအနေကို ပေါင်းစပ်စဉ်းစားကြည့်ရင်တော့ ဒီပွဲက ဂိုးအများကို ဦးတည်နေတယ်။ လီဗန်တေးကိုပဲ ပိုကြိုက်နေမိတယ်။










