ပရီးမီးယားလိဂ်က နောက်ဆုံးအပိုင်းထဲရောက်လာပြီဖြစ်ပြီး အသင်းတော်တော်များများအတွက် အဆုံးအဖြတ်အချိန်တွေထဲကို တိုးဝင်လာတယ်။ ဒီအချိန်တွေမှာ ခြေပျက်မသွားဖို့က အရမ်းအရေးကြီးနေတယ်။ ချယ်လ်ဆီး-စပါးလိုပွဲမျိုးဟာ ဒီနှစ်သင်းနဲ့တင်မဟုတ်ဘဲ တခြားပြိုင်ဘက်အသင်းတော်တော်များများကိုပါ သက်ရောက်မှုရှိနေတာတွေ့ရပါတယ်။
ချယ်လ်ဆီး နှင့် စပါး (စနေည ရးဝ၀ နာရီ)
VAR ဆုံးဖြတ်ချက်တချို့နဲ့အတူ မန်ယူအသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့ခြင်းက ချယ်လ်ဆီးကို ဖိအားဝင်စေပါတယ်။ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ချယ်လ်ဆီးဟာ Safe Zone မှာ ရှိနေတာမဟုတ်တော့ဘူး။ နောက်ဆုံး (၄)ပွဲမှာ (၂)မှတ်သာရခဲ့ခြင်းက ဆိုးရွားသလို၊ တိုက်စစ်ပိုင်းအားနည်းမှု၊ ခံစစ်ပိုင်းအားနည်းမှုတွေကိုလည်း မြင်လာရတယ်။ ချယ်လ်ဆီးက အခုအချိန်အထိ ကွင်းလယ်ပျက်စီးမသွားပေမယ့် တိုက်စစ်မှာ အားကိုးစရာတိုက်စစ်မှူးမရှိဘူးဖြစ်နေတယ်။ ဘတ်ရှူအာယီရဲ့အသုံးမဝင်မှုက ကြာလေဆိုးလေဖြစ်နေပြီး အပိုင်အခွင့်အရေးပေါင်းများစွာကို လွယ်လွယ်လေးဖြုန်းတီးဖို့ အဆင်သင့်ရှိနေတာမျိုးလည်း တွေ့ရတယ်။ စပါးကတော့ နောက်ဆုံး (၃)ပွဲဆက်နိုင်ပြီး Rhythm မိနေပြီလို့ ခံစားရတယ်။ ဒါပေမဲ့ ကိန်းမရှိတဲ့အချိန်မှာ အားကိုးရမယ့် ဆွန်ဟောင်မင်ကိုပါ ထပ်ပြီး ဆုံးရှုံးတာက စပါးအတွက် နစ်နာတယ်။ အားသာချက်တွေရှိသလို၊ အားနည်းချက်ကိုယ်စီရှိနေကြပြီး အင်အားမျှတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ စပါးကျော်မတက်အောင် ချယ်လ်ဆီး ထိန်းနိုင်မှာပါ။
ဘန်လေ နှင့် ဘုန်းမောက် (စနေည ၉း၃၀ နာရီ)
ဘန်လေရဲ့နောက်ဆုံး (၄)ပွဲရလဒ်တွေက လီဗာပူးလ်၊ မန်စီးတီးတို့လိုအသင်းတွေ ရဲ့ ရလဒ်မျိုးဖြစ်တယ်။ ခြေစွမ်းပိုင်းကောင်းမွန်သလို၊ ခံစစ်ပိုင်းကလည်း မနှစ်က ဘန်လေ လို ကျစ်လျစ်မှုမျိုး ပြန်ရလာတယ်။ အမှတ်သိပ်မလိုတဲ့ အနေအထားဖြစ်လာပြီး ဖိအား လည်းမရှိတော့ပါဘူး။ ဘုန်းမောက်ကတော့ အမှတ်ရဖို့ ရုန်းကန်ရမယ့်အသင်းဖြစ်ပြီး ခြေ စွမ်းနဲ့ ရလဒ်လည်း မဆိုးပါဘူး။ ဒါပေမဲ့ ဘန်လေကိုပဲကြိုက်တယ်။
ခရစ္စတယ်ပဲလေ့စ် နှင့် နယူးကာဆယ် (စနေည ၉း၃၀ နာရီ)
ပဲလေ့စ်က နိုင်ပွဲပျောက်နေတာလည်းကြာပြီ၊ နောက်ဆုံး (၃)ပွဲဆက် ရှုံးခဲ့တာကိုလည်း ရပ်တန့်ဖို့ ကြိုးစားရမှာဖြစ်တယ်။ နယူးကာဆယ်က တည်တည်ငြိမ်ငြိမ်ဖြတ်သန်းလာရင်း အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာတော့ လုံးဝယှဉ်နိုင်စွမ်းမရှိခဲ့တာတွေ့ရတယ်။ လက်ရှိရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်းယှဉ်ရင် နယူးကာဆယ်သာပေမယ့် သိပ်မကွာဘူး။ ဒါပေမဲ့ နယူးကာဆယ်ကလည်း နိုင်ပွဲတော်တော်ရှားတဲ့အသင်းပါ။ ပဲလေ့စ် သရေနဲ့ အနိုင်ပဲ။
ရှက်ဖီးယူနိုက်တက် နှင့် ဘရိုက်တန် (စနေည ၉း၃၀ နာရီ)
ရှက်ဖီးယူနိုက်တက်က ဥရောပဝင်ခွင့်ကို မျှော်လင့််နေတဲ့အသင်းဖြစ်ပြီး ခြေစွမ်းနဲ့ ရလဒ်ပိုင်းက အားရစရာကောင်းတယ်။ ခံစစ်တည်ငြိမ်ပြီး၊ တိုက်စစ်ကလည်း မဆိုးဘူးလို့ ပြောနိုင်တယ်။ ဂိုးသွင်းနှုန်းနည်းတဲ့ ပြဿနာရှိပေမယ့် အရေးပါတဲ့ဂိုးတွေတော့ ရနေတာပဲ။ ဘရိုက်တန်က ရာသီအလယ်လောက်က ပုံစံမဟုတ်တော့ဘူး။ ရှုံးပွဲနည်းပေမယ့် နိုင်ပွဲလည်းပျောက်နေတယ်။ ရှက်ဖီးယူနိုက်တက် အနိုင်ကစားလိမ့်မယ်။
ဆောက်သမ်တန် နှင့် အက်စတွန်ဗီလာ (စနေည ၉း၃၀ နာရီ)
ဆောက်သမ်တန်က အထင်ကြီးလောက်စရာ ဖြတ်သန်းမှုကို မြင်တွေ့နေရချိန်မှာ ရလဒ်ရုတ်တရက်ကျဆင်းသွားတယ်။ လီဗာပူးလ်ကိုရှုံးတာ ပြဿနာမဟုတ်ပေမယ့် ဘန်လေကို ဆက်ရှုံးခဲ့တာ၊ အိမ်ကွင်းလည်းဖြစ်နေတာတွေက ဆိုးပါတယ်။ ဗီလာကလည်း ခြေ စွမ်းမဆိုးပေမယ့် ရလဒ်တက်မလာဘူး။ စပါးနဲ့ပွဲမှာ အနည်းဆုံးသရေရခဲ့သင့်ပေမယ့် ကံဆိုးပြီး ရှုံးသွားခဲ့တယ်။ ဒီပွဲမှာလည်း ဗီလာ (၁-၂)လောက်နဲ့ ရှုံးသွားနိုင်တယ်။
လက်စတာ နှင့် မန်စီးတီး (စနေည ၁၂းဝ၀ နာရီ)
စိတ်ဝင်စားစရာကောင်းပြီး၊ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်။ လက်စတာက နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း ကျဆင်းလာခဲ့ပြီး ဆောက်သမ်တန်၊ ဘန်လေတို့ကို နှစ်ပွဲဆက် ရှုံးခဲ့တာ စိတ်ပျက်စရာပါ။ နောက်ဆုံး (၃)ပွဲမှာတော့ ဝက်စ်ဟမ်းကို ဂိုးပြတ်နိုင်ပြီး ချယ်လ်ဆီး၊ ဝုလ်ဗ်တို့ကို သရေကစားခဲ့တယ်။ ရာသီအစက ခြေစွမ်းနဲ့ ယှဉ်ရင် နည်းနည်းပဲကျတယ် ဆိုပေမယ့် ရလဒ်ပိုင်းကတော့ တော်တော်လေး ထိုးကျသွားတယ်။ ကံကောင်းတာက အဆင့် (၄)နေရာကနေ အောက်ပိုင်းကို ကြည့်ရင် ဒီအသင်းတွေနဲ့ အမှတ်ကွာဟချက်က ကြီးမားနေတုန်းမို့ ဖိအားတော့သိပ်မရှိဘူး။ မန်စီးတီးကတော့ ပရီးမီးယားလိဂ်ဖလားကို အာရုံစိုက်ပါဦးမလားလို့ စဉ်းစားစရာရှိတယ်။ ဒါပေမဲ့ အသင်းကြီးတွေနဲ့ ပွဲတွေကိုတော့ အာရုံစိုက်မှာပါ။ (၆)မှတ်တန် ပွဲတွေဖြစ်ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကလည်း ရာနှုန်းပြည့်စိတ်ချရသေးတာမဟုတ်လို့ အမှတ်ယူဖို့ ကြိုးစားလိမ့်မယ် ထင်တယ်။ သရေကျဖို့များတဲ့ပွဲဖြစ်ပြီး နိုင်ဖို့ ရာခိုင်နှုန်းပိုများတာတော့ မန်စီးတီးပါပဲ။










