မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိအား မန်စီးတီးအသင်းကသာ ရာထူးမှ မထုတ်ပယ်ပါက အသင်းတွင် ဆက်ရှိရန် ရာနှုန်းပြည့်သေချာသည်ဟု အာမခံပြောကြားသွားခဲ့သည်။
မန်စီးတီးအသင်းသည် UEFA ၏ ချန်ပီယံလိဂ်ဝင်ခွင့် (၂)ရာသီပိတ်ပင်သည့်ပြစ်ဒဏ်ကျခံရခြင်းကြောင့် ဂွါဒီယိုလာသည် အသင်းကို စွန့်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး၊ ယင်းကဲ့သို့ ပြစ်ဒဏ်ကျပြီး ပထမဆုံး ကစားရသည့်ပွဲတွင် ဝက်စ်ဟမ်းအသင်းကို (၂-၀)ဂိုးဖြင့် အလွယ်တကူအနိုင်ရရှိခဲ့သည်။

ယင်းပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံရာတွင် ဂွါဒီယိုလာက အသင်းတွင်ဆက်ရှိနေမည့်အကြောင်းကို ထပ်မံအာမခံခဲ့သည့်အပြင် မိမိတို့အသင်းသည် လာမည့်ရာသီတွင် ဥရောပဝင်ခွင့်ရလိမ့်မည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက "ကျွန်တော်တို့အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ကစားခွင့်ရလိမ့်မယ်လို့ သေချာပေါက်ပြောရဲပါတယ်။ ကျွန်တော်တို့ရဲ့နေရာကို ကျွန်တော်တို့ ကာကွယ်နိုင်မှာပါ"ဟု ပြောကြားခဲ့သည်။

အနာဂတ်နှင့်ပတ်သက်သည့် မေးမြန်းမှုကိုမူ "မန်စီးတီးအသင်းကသာ ကျွန်တော့်ကို မထုတ်ပယ်ဘူးဆိုရင် ကျွန်တော် ဒီမှာဆက်ရှိနေဖို့ လုံးဝသေချာပါတယ်။ ဒီအသင်းမှာ ကျွန်တော့်လက်ရှိစာချုပ်ထက် ပိုကြာအောင် ကျွန်တော်နေချင်ပါသေးတယ်။ ဒီအသင်းကို ပိုအင်အားတောင့် တင်းလာအောင် ကျွန်တော်ကူညီချင်ပြီး၊ ဥရောပထိပ်တန်းအဆင့်မှာ ကြာနိုင်သမျှကြာကြာရပ်တည်နိုင်အောင် ကူညီတည်ဆောက်ပေးချင်ပါသေးတယ်။ ဘာကြောင့် ကျွန်တော် ထွက်သွားရမှာလဲ" ဟု ပြောကြားခဲ့သည်။

လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဆိုသည့် ယုံကြည်ချက်နှင့် ပတ်သက်ပြီးလည်း "အခုဟာက ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။ မပြီးသေးပါဘူး။ ကျွန်တော်တို့ တိုက်ပွဲဆက်ဝင်နေဦးမှာဖြစ်ပြီး ကလပ်အသင်းကလည်း ဒါကိုလုပ်နေပါတယ်။ ဒါဟာ ဘက်နှစ်ဖက်ရဲ့တိုက်ပွဲပါ။ ကျွန်တော့်ကလပ်အသင်းကလည်း သူတို့စွပ်စွဲတာတွေကို ငြင်းဆန်ထားပါတယ်" ဟု ပြောကြားခဲ့သည်။










