အာဆင်နယ်အသင်း၏ ကွင်းလယ်ကစားသမား အိုဇေးလ်သည် ဇနီးဖြစ်သူ ကလေးမွေးဖွားမည်ဖြစ်၍ ယနေ့ည ယှဉ်ပြိုင်ကစားရမည့် အိုလံပီယာကော့စ်နှင့် ယူရိုပါလိဂ်ပွဲကို လွဲချော်ခဲ့ကြောင်း သိရှိရသည်။
အိုဇေးလ်နှင့် ဇနီးဖြစ်သူ အမ်မနီဂူလ်ဆီတို့မှာ ပြီးခဲ့သည့်နှစ် ဇွန်လက လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အတွက် ပထမဆုံးရင်သွေးကို ယခုရက်ပိုင်းအတွင်း မွေးဖွားမည်ဖြစ်သည်။
ထို့ကြောင့် အာဆင်နယ်နည်းပြ အာတီတာက အိုဇေးလ်အား လန်ဒန်မြို့တွင် ကျန်နေခဲ့ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အိုဇေးလ်သည် ယခုရာသီ အာဆင်နယ်အသင်း၏ ယူရိုပါလိဂ်အုပ်စုအဆင့် အဝေးကွင်း(၃)ပွဲစလုံးကိုလည်း လွဲချော်ခဲ့သူဖြစ်သည်။
အာဆင်နယ်နည်းပြ အာတီတာသည် အိုလံပီယာကော့စ်နှင့်ပွဲတွင် ဖလာမင်ဂိုအသင်းထံမှ အငှားဖြင့်ခေါ်ယူထားသော စပိန်နောက်ခံလူ ပါဘလိုမာရီကို ပွဲထုတ်အသုံးပြုသွားဖွယ်ရှိနေကြောင်းလည်း အင်္ဂလန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။










