စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်အဆင့်ကနေ ရီးယဲလ်ရော ဘာစီလိုနာပါ ထွက်ခွာခဲ့ရ

စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်အဆင့်ကနေ ရီးယဲလ်ရော ဘာစီလိုနာပါ ထွက်ခွာခဲ့ရ
Photos: AFP
Photos: AFP
Published 7 February 2020

 

ရီးယဲလ် ၃-၄ ဆိုစီဒက်

အိမ်ကွင်းဘာနေဗျူးမှာ ရီးယဲလ်အသင်း ခံစစ်ပိုင်းအားနည်းချက်တွေနဲ့အတူ အရှုံးပေးခဲ့ရတာဖြစ်ပြီး (၃)ဂိုးပြတ်အရှုံးကနေ လိုက်ကစားခဲ့ရတာပါ။ ကော်တိုအာကို အနားပေးပြီး ပွဲထုတ်ခဲ့တဲ့ အာရီယိုလာ ညံ့တာထက် ရီးယဲလ်နောက်ခံလူတွေရဲ့ အမှားအယွင်းများမှုကြောင့် (၄)ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဘန်ဇီမာ ဦးဆောင်တဲ့ ရီးယဲလ်အသင်းရဲ့တိုက်စစ်က ပြိုင်ဘက်ထက် အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပေမယ့် ဖြုန်းတီးမှုတွေတော့ များခဲ့ပါတယ်။ ဆိုစီဒက်အသင်းကတော့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချသွားနိုင်ခဲ့ပါတယ်။ ရီးယဲလ်ကနေအငှားနဲ့ လာကစားနေတဲ့ အော်ဒီဂွါက ဆိုစီဒက်အသင်းအတွက် အဖွင့်ဂိုးကို (၂၂)မိနစ်မှာ သွင်းယူခဲ့ပြီး ဆွီဒင်တိုက်စစ်မှူး အီဆက်က (၅၄)နဲ့ (၅၆)မိနစ်တွေမှာ (၂)ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။

ဒါကြောင့် ရီးယဲလ်အတွက် မျှော်လင့်ချက်မဲ့သလောက်ဖြစ်သွားခဲ့ပြီး မာဆယ်လို၊ ရိုဒရီဂိုနဲ့ နာချိုတို့ (၅၉၊ ၈၁၊ ၉၀+၃)မိနစ်တွေမှာ (၃)ဂိုးပြန်သွင်းခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။ ဆိုစီဒက်အတွက် နောက်ဆုံးဂိုးကို (၆၉)မိနစ်မှာကတည်းက မာရီနိုက သွင်းယူခဲ့တာပါ။

ဘီလ်ဘာအို ၁-၀ ဘာစီလိုနာ

ဘာစီလိုနာအသင်းက ဂရီးဇ်မန်းကို ဒုတိယပိုင်းမှ ထည့်ကစားခဲ့ပြီး ဆန်မာမီးစ်ကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ တစ်ဖက်သတ်အနေအထားမျိုးအထိ ဘာစီလိုနာအသင်း ဖိကစားနိုင်ခဲ့ပေမယ့် ဘီလ်ဘာအိုအသင်းရဲ့ မာကျောတဲ့ကစားပုံကြောင့် ထိုးဖောက်ရခက်ခဲ့ပါတယ်။ ဘီလ်ဘာအိုကတော့ တန်ပြန်တိုက်စစ်တွေ၊ တည်ကန်ဘောတွေကပဲ ဂိုးရနိုင်ဖို့ကြိုးပမ်းခဲ့ပြီး တိုက်စစ်မှူး အီနာကီဝီလျံစ်ရဲ့ တစ်ဦးချင်းတိုးအား၊ ရုန်းအားတွေကလည်း အလုပ်ဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဘာစီလိုနာအသင်းကတော့ မက်ဆီနဲ့ ဂရီးဇ်မန်းတို့ သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေး နှစ်ကြိမ်ကို လွဲချော်ခဲ့ပါတယ်။ ဘယ်နောက်ခံလူ ယော်ဒီအယ်လ်ဘာရဲ့ ဖြတ်တင်ပေးပို့မှုတွေကလည်း လိုအပ်ချက်ရှိခဲ့ပြီး ဖရန်ကီဒီယွန်း၊ ရာကီတစ်၊ လူစားဝင်ကစားသမား အာသာတို့ရဲ့ ကွင်းလယ်ပိုင်းကလည်း သာမန်ထက်မပိုတဲ့ ကစားဟန်ကိုပဲ တွေ့ခဲ့ရပါတယ်။

ဘီလ်ဘာအိုအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ (၉၀+၃)မိနစ်မှာ အီနာကီဝီလျံစ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

 

Most Read

Most Recent