မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဂျေလိဂ်ကလပ်အသင်းများတွင် မြန်မာဘောလုံးသမားများ သွားရောက်ကစားနိုင်ရန် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဥက္ကဋ္ဌ ကာဇိုတာရှီးမားနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဖေဖော်ဝါရီ (၅) ရက်က ဂျပန်နိုင်ငံသို့ သွားရောက်ကာ JFA ဥက္ကဋ္ဌ ကာဇိုတာရှီးမား၊ ဥက္ကဋ္ဌဟောင်း ကာဝါဘူချီတို့နှင့် တွေ့ဆုံကာ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးခဲ့သည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယင်းကဲ့သို့ တွေ့ဆုံရာတွင် မြန်မာဘောလုံးသမားများအား ဂျပန်ကလပ်အသင်းများတွင် ထည့် သွင်းကစားနိုင်မည့် အခွင့်အရေးများ ဖန်တီးပေးနိုင်ရန် ဆွေးနွေးခဲ့ပြီး JFA ဥက္ကဋ္ဌက ကလပ်အသင်းများနှင့် ညှိနှိုင်းကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
MFF ဥက္ကဋ္ဌ ဦးဇော်ဇော် လက်ထက်တွင် ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် ဆက်ဆံရေးကောင်းများရှိပြီး လက်ရွေးစင်အသင်းများ၏ လေ့ကျင့်ရေးနှင့် ခြေစမ်းခရီးစဉ်များ၊ နည်းပြခန့်အပ်မှုများအပါအဝင် မြန်မာ့ဘောလုံးတိုးတက်ရေး အတွက် အခြားအစီအစဉ်များကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် JFA သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် နည်းပြခန့်အပ်နိုင်ရန် ကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း MFF ဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် ကတိပြုပြောကြားခဲ့သည်။ ''ဥက္ကဋ္ဌအနေနဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံရာမှာ မြန်မာ့ဘောလုံးနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဥက္ကဋ္ဌပြန်လာပြီးမှ သိရမှာပါ။ ဂျေလိဂ်မှာ မြန်မာကစားသမားတွေ ပါဝင်ကစားနိုင်ဖို့၊ လက်ရွေးစင် အမျိုးသမီးအသင်းအတွက် နည်းပြခန့်အပ်ဖို့အပြင် တခြားကိစ္စတွေအတွက်ပါ ဆွေးနွေးခဲ့တာပါ''ဟု MFF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။










