ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် Football For School အစီအစဉ်ကို ပထမဆုံးပေးအပ်ခဲ့သည့် မြန်မာနိုင်ငံအတွက် နည်းပညာနှင့် ဘောလုံးများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
FIFA သည် ကမ္ဘာ့နိုင်ငံအားလုံးရှိ စာသင်ကျောင်းများတွင် ဘောလုံးကစားနိုင်ရန် ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးရရှိ ခြင်းဖြစ်သည်။
FIFA သည် ယင်းအစီအစဉ်ကို မတ်လမှ တရားဝင်မိတ်ဆက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)အနေဖြင့် ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းတွင် ဖွင့်ပွဲပြုလုပ်ခဲ့သည်။
''ဒီအစီအစဉ်က မြန်မာ့ဘော လုံးတိုးတက်ရေးအတွက် အရမ်းကို အရေးပါပါတယ်။ လူငယ်ကစားသမားတွေ ထွက်ပေါ်လာဖို့ အရေးပါတဲ့အစီအစဉ်ဖြစ်ပြီး စာသင်ကျောင်းတိုင်းမှာ ဘောလုံးကန်ဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပါတယ်။ FIFA က ဒီအစီအစဉ်ကို မတ်လမှ စတင်မိတ်ဆက်မှာဖြစ်ပြီး ကျွန်တော်တို့က ဖွင့်ပွဲကို ကြိုလုပ်တာဖြစ်ပါ တယ်။ FIFA အနေနဲ့ ဒီအစီအစဉ်အတွက် နည်းပညာပိုင်းနဲ့ ဘောလုံးတွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ FIFA က တရားဝင်မိတ်ဆက်ပြီးတဲ့အခါမှာ ကျွန်တော်တို့က ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဘာတွေလုပ်ထားတယ်။ စာသင်ကျောင်း ဘယ်နှခုမှာလုပ်မယ်၊ ကျောင်းသား၊ ကျောင်းသူ ဘယ်နှဦးကို သင်ကြားမယ်ဆိုတာ FIFA ဆီကို တင်ပြရမှာပါ။ ဒါမှ FIFA ဘက်က လိုအပ်တာတွေ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီအစီအစဉ်အတွက် စတင်ဆောင်ရွက်ထားပြီး FIFA ဘက်က တရားဝင်မိတ်ဆက်ပြီးတာနဲ့ လုပ်ဆောင်မယ့် အရာတွေကို တင်ပြမှာပါ။ ကျွန်တော်တို့က ဒီအစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားသွားမှာပါ''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြော ကြားသည်။
FIFA က ယင်းအစီအစဉ်ကို တရားဝင်မိတ်ဆက်ပြီးသည့် မတ်လနောက်ပိုင်းမှသာ MFF အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စတင်ဆောင်ရွက်မည် ဖြစ်သည်။
FIFA Football For School အစီအစဉ်ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများတွင် ကာယအချိန်၌ ဘောလုံးကစားနိုင်ရန်ပါ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန် ကြီးဌာနထံ ဘောလုံးစုစုပေါင်း ၁၀၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။
MFF အနေဖြင့် ယင်းအစီအစဉ် အကောင်အထည်ဖော်ရန် နည်းပြဆရာပိုင်းများ ပံ့ပိုးပေးရမည့်အပြင် ကာယဆရာ၊ ဆရာမများကိုလည်း ဘောလုံးအခြေခံနည်းစနစ်များ သင် ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ယင်းအစီအစဉ် အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့မှ အပြည့်အဝ ကူညီပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
FIFA Football For School အစီအစဉ်ကို FIFA ဖောင်ဒေးရှင်း CEO ယော်ကာအက်ဖ်က တာဝန်ယူ ဆောင်ရွက်နေပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။