Laureus Awards အတွက် ဆန်ခါတင်စာရင်းထုတ်ပြန်

Laureus Awards အတွက် ဆန်ခါတင်စာရင်းထုတ်ပြန်
Photos : Getty Images
Photos : Getty Images
Published 17 January 2020

 

၂၀၁၉ ခုနှစ် Laureus Awards အတွက် ဆန်ခါတင်စာရင်းများကို ဇန်နဝါရီ(၁၅)ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဆုချီးမြင့်ပွဲအခမ်းအနားကို လာမည့်ဖေဖော်ဝါရီ (၁၇) ရက်၌ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပမည် ဖြစ်သည်။

အကောင်းဆုံးအမျိုးသားအားကစားသမားဆုအတွက် ဆန်ခါတင် (၆)ဦးစာရင်းတွင် ဟာမီလ်တန်(ဗြိတိန်/ဖော်မြူလာဝမ်း)၊ ကစ်ချော့(ကင်ညာ/ပြေးခုန်ပစ်)၊ မက်မားကွက်ဇ်(စပိန်/MotoGP)၊ မက်ဆီ(အာဂျင်တီးနား/ဘောလုံး)၊ နဒါးလ်(စပိန်/တင်းနစ်)၊ တိုက်ဂါးဝုဒ်(အမေရိကန်/ဂေါ့ဖ်)တို့ ပါဝင်လျက်ရှိသည်။

အမျိုးသမီးဆန်ခါတင်စာရင်းတွင်မူ ဆီမွန်ဘိုင်းစ်(အမေရိကန်/ကျွမ်းဘား)၊ အယ်လီဆန်ဖီးလစ်(အမေရိကန်/ပြေးခုန်ပစ်)၊ ဖရေဆာပရိုက်(ဂျမေကာ/ပြေးခုန်ပစ်)၊ အိုဆာကာ(ဂျပန်/တင်းနစ်)၊ ရက်ပီးနိုး(အမေရိကန်/ဘောလုံး)၊ ရှစ်ဖရင် (အမေရိကန်/နှင်းလျှောစီး)တို့ ရွေးချယ်ခံခဲ့ရသည်။

ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းမှာ ယခုနှစ်အတွက် အကောင်းဆုံးအသင်းဆုနှင့် တစ်ကျော့ပြန်ဆုများတွင် ဆန်ခါတင်စာရင်း ဝင်လျက်ရှိကြောင်း သိရသည်။

ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးမှာ တစ်ကျော့ပြန်ဆုအတွက် ဆန်ခါတင်စာရင်းဝင်လျက်ရှိသည်။ ယင်းဆုများကို Laureus အားကစား အကယ်ဒမီအဖွဲ့ဝင် (၆၈)ဦးမှ မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent