ဖိလစ်ပိုင်ရှိ Taal မီးတောင်မှ ပြာနှင့်ချော်ရည်များ ပန်းထွက်နေသဖြင့် သတိပေးချက်ထုတ်ပြန်

ဖိလစ်ပိုင်ရှိ Taal မီးတောင်မှ ပြာနှင့်ချော်ရည်များ ပန်းထွက်နေသဖြင့် သတိပေးချက်ထုတ်ပြန်
မနီလာတောင်ဘက် Tanauan မြို့တွင် Taal မီးတောင်ပေါက်ကွဲနေမှုကို ဇန်နဝါရီ ၁၃ ၌ တွေ့ရစဉ်
မနီလာတောင်ဘက် Tanauan မြို့တွင် Taal မီးတောင်ပေါက်ကွဲနေမှုကို ဇန်နဝါရီ ၁၃ ၌ တွေ့ရစဉ်
Published 13 January 2020
Ref: AFP

ဖိလစ်ပိုင်၏မြို့တော် မနီလာတောင်ပိုင်းရှိ မီးတောင်တစ်ခုမှ ပြာနှင့်ချော်ရည်များ ပန်းထွက်ခဲ့သဖြင့် မီးတောင်ပြင်းထန်စွာ ပေါက်ကွဲနိုင်ခြေရှိသည်ဟု အာဏာပိုင်များက ဇန်နဝါရီ ၁၃ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ရာနှင့်ချီသော လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းခဲ့သည်။

ဇန်နဝါရီ ၁၂ ရက်တွင် Taal မီးတောင်မှ ပြာနှင့်မီးခိုးငွေ့များ ထွက်ရှိပြီး ငလျင်ဆက်တိုက် လှုပ်မှုများဖြစ်ပေါ်ခဲ့သဖြင့် မီးတောင်အနီးဝန်းကျင်တွင် နေထိုင်သူများသည် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ရသည်။

ဒေသခံ ၈၀၀၀ ခန့်ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်းနှင့် လူ ၆၀၀၀ ခန့်သည် ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းမတိုင်မီ အန္တရာယ်ရှိသည့်ဇုန်မှ ထွက်ခွာနှင့်ပြီးဖြစ်သည်ဟု သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့အသေးငယ်ဆုံး မီးတောင်ရှင်များထဲမှတစ်ခုဖြစ်သည့် Taal မီးတောင်သည် မြို့တော်မနီလာ၏ တောင်ပိုင်း ၇၀ ကီလိုမီတာ (၄၅ မိုင်)ခန့်အကွာရှိ ရေကန်တစ်ခု၏ အလယ်တွင်ရှိသည်။ ယင်းမီးတောင်သည် ဖိလစ်ပိုင်တွင် လှုပ်ရှားမှုအများဆုံးဖြစ်သည့် မီးတောင်တစ်ခုလည်းဖြစ်သည်။

မီးတောင်ပေါက်ကွဲရာတွင် Taal ရေကန်၌ ဆူနာမီဖြစ်နိုင်ခြေရှိသည်ဟုလည်း အာဏာပိုင်များက ပြောကြားခဲ့သည်။

“Taal မီးတောင်က သေးငယ်ပေမယ့် အန္တရာယ်ရှိတဲ့မီးတောင်တစ်ခုပါ” ဟု ဖိလစ်ပိုင်မီးတောင်ပညာနှင့် မြေငလျင်ပညာအဖွဲ့ Phivolcs ၏ ဥက္ကဋ္ဌ Renato Soldium က ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုကို ကြိုတင်ကာကွယ်မှုအဖြစ် Taal မီးတောင် အနီးဝန်းကျင်ဒေသရှိ စာသင်ကျောင်းများ၊ မနီလာရှိအစိုးရရုံးအချို့နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းကို ဇန်နဝါရီ ၁၃ ရက်တွင် ပိတ်ပစ်ခဲ့သည်။

မီးတောင်ပြာများသည်  ငယ်ရွယ်သူများနှင့် အဆုတ်ရောဂါရှိနှင့်ပြီးသူများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေရှိသည်ဟု အာဏာပိုင်များက သတိပေးခဲ့ပြီးနောက် စတိုးဆိုင်များတွင် ဖုန်ကာနှာခေါင်းစည်းများ ပြတ်လပ်သည်အထိ ရောင်းထွက်ခဲ့သည်။

မီးတောင်ပြာများက လေယာဉ်ပျံသန်းမှုကို အန္တရာယ်ပြုနိုင်ခြေရှိမှုကြောင့် လေယာဉ်ခရီးစဉ်များကို အာဏာပိုင်များက ရပ်ဆိုင်းခိုင်းခဲ့ပြီးနောက် တစ်ရက်နီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်တွင် မနီလာရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းလိုင်းခရီးစဉ်များကို အကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲခဲ့သည်။

ဖိလစ်ပိုင်တွင် လှုပ်ရှားမှုအများဆုံးမီး တောင်ရှင်တစ်ခုဖြစ်သည့် Taal သည် ပြီးခဲ့သည့် ဆယ်စုနှစ်ငါးခုအတွင်း အကြိမ် ၃၀ ကျော် ပေါက်ကွဲမှုဖြစ်ပြီး နောက်ဆုံးပေါက်ကွဲမှုသည် ၁၉၇၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ယင်းမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁၅၀၀ ခန့် သေဆုံးခဲ့သည်။

ဖိလစ်ပိုင်သည် ပစိဖိတ် Ring of Fire တွင် တည်ရှိသည့်နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်တွင် Bicol ဒေသရှိ Moutnd Mayon မီးတောင်မှ ပြာ၊ ကျောက်ခဲနှင့် ချော်ရည်များ တန်နှင့်ချီ ထွက်ရှိခဲ့ပြီးနောက် လူသောင်းနှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင် မနီလာ အနောက်မြောက်ပိုင်း ၁၀၀ ကီလိုမီတာအကွာခန့်ရှိ Mount Pinatubo မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၈၀၀ ကျော် သေဆုံးခဲ့သည်။

 

 

Most Read

Most Recent