ယူကရိန်းလေယာဉ်ကို မရည်ရွယ်ဘဲ ပစ်ချခဲ့မိကြောင်း အီရန်က ဝန်ခံ

ယူကရိန်းလေယာဉ်ကို မရည်ရွယ်ဘဲ ပစ်ချခဲ့မိကြောင်း အီရန်က ဝန်ခံ
Photo: AFP
Photo: AFP
Published 11 January 2020
Ref: CNN

ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းမှ လေကြောင်းခရီစဉ်အမှတ် ၇၅၂ လေယာဉ်သည် ဇန်နဝါရီ ၈ ရက်တွင် တီဟီရန်လေဆိပ်မှ ပျံတက်ပြီးမကြာမီ ပျက်ကျခဲ့ခြင်းမှာ လူလုပ်အမှားကြောင့် ဖြစ်သည်ဟု အီရန်စစ်ဦးစီးချုပ်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် Press TV က ဇန်နဝါရီ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

အီရန်သည် ခရီးသည်တင်လေယာဉ်ကို မရည်ရွယ်ဘဲ ပစ်မှတ်ထားမိခဲ့ခြင်း ဖြစ်သည်ဟု Press TV က ဖော်ပြခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ် ကလည်း “ လူလုပ်အမှား” က ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်အမှတ် ၇၅၂ လေယာဉ်ပျက်ကျမှုကို ဖြစ်စေခဲ့ကြောင်း Twitter တွင် ရေးသားခဲ့သည်။

“ ဝမ်းနည်းဖွယ်နေ့ပါပဲ။ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှု အကြိုကောက်ချက်တွေအရ လေယာဉ်ပျက်ကျချိန်မှာ လူလုပ်အမှား ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ အရူးချေးပန်း စွန့်စားလိုမှုကြောင့် ဘေးဒုက္ခဆီကို ဦးတည်သွားစေခဲ့တာပါပဲ။ ကျွန်တော်တို့ အလွန်အမင်း ဝမ်းနည်းကြေကွဲရပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ ကျန်ရစ်သူမိသားစုတွေနဲ့ တခြားထိခိုက်မှုရှိခဲ့တဲ့ နိုင်ငံတွေကို ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း တောင်းပန်အပ်ပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက Twitter တွင် ရေးသားခဲ့သည်။

ယူကရိန်းလေယာဉ်သည် ရုရှားလုပ် မြေပြင်-ဝေဟင်ပစ် ဒုံးကျည်များဖြင့် ပစ်ချခံရခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် မတော်တဆဖြစ်ပုံရကြောင်း အမေရိကန်အာဏာပိုင်များက အစောပိုင်းတွင် ပြောကြားထားခဲ့သည်။

 

 

Most Read

Most Recent