၀ါးခယ်မမြို့နယ် ၀ါးခယ်မ- မော်လမြိုင်ကျွန်းကားလမ်း တဝါကျေးရွာအနီးတွင် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားပြီး ရေမြောင်းအတွင်း ပြုတ်ကျရာမှ ယာဉ်ပေါ်တွင် လိုက်ပါလာသူ တံတားဦးစီးဌာနမှ အင်ဂျင်နီယာ တစ်ဦးနှင့် မြေတိုင်းလုပ်သား နှစ်ဦး မော်တော်ယာဉ်အတွင်း ရေမွန်းသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ကျွန်းပြာသာဒ်တံတား တည်ဆောက်ရေးလုပ်ငန်း တံတားအထူးအဖွဲ့တွင် ဒုတိယဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်အိမြတ်ဆွေ အသက် (၄၆ နှစ်) ၊ အဘ ဦးမြင့်ဆွေ၊ ၀ါးခယ်မမြို့နေသူမှာ ကျွန်းပြာသာဒ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ ကျွန်းကုန်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးရန်အတွက် လုပ်ငန်းခွင်အတွင်းရှိ မြေတိုင်းလုပ်သားများဖြစ်သူ ဦးအောင်ကိုလတ် အသက် (၄၅) နှစ်၊ အဘ ဦးချစ်ဆွေ၊ ဟိုင်းကြီးမြို့နှင့် ကိုညာဏ်လင်းထက် အသက် (၂၁ နှစ်)၊ အဘ ဦးဇော်နိုင်၊ ဟိုင်းကြီးမြို့တို့နှင့်အတူ 1F/--- Kluger မော်တော်ယာဉ်ဖြင့် ကိုယ်တိုင်မောင်းနှင် သွားရောက်စဉ် ၀ါးခယ်မ-မော်လမြိုင်ကျွန်းလမ်း တဝါကျေးရွာအနီး မိုင်တိုင်အမှတ် ၄/၅ နှင့် မိုင်တိုင်အမှတ် ၄/၆ အကြားအရောက်တွင် မော်တော်ယာဉ်၏ ဝဲဘက်ရှေ့ဘီး တာယာကွဲ ထွက်သွားပြီးနောက် တိမ်းမှောက်ကာ လမ်းမနံဘေး ကိုက် ၅၀ ခန့်အကွာတွင်ရှိသော ရေအနက် ခြောက်ပေ မြောင်းအကျယ် ၁၆ ပေ ခန့်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ကြောင်း၊ ယာဉ်ရှိ ဘေးတံခါးလော့ခ်များမှာ ချထားသောကြောင့် ရေမြောင်းအတွင်းတွင် တံခါးများကို အချိန်မီဖွင့်နိုင်ခြင်းမရှိဘဲ ရေနစ်မွန်း၍ သေဆုံးရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
“၀ါးခယ်မ ကျွန်းပြာသာဒ်တံတားမှာ တာဝန်ထမ်းဆောင်နေတဲ့ SAE ပါ။ အငယ်တန်း အင်ဂျင်နီယာ ဒေါ်အိမြတ်ဆွေပါ။ ၀ါးခယ်မနဲ့ ကျွန်းပြာသာဒ်တံတားကြားမှာ ဖြစ်တာပေ့ါ။ ကျွန်းကုန်းတံတားကို Survey တိုင်းဖို့ သူတို့ကားနဲ့ ထွက်သွားတယ်။ ဘယ်ဘက်ဘီး ပေါက်ပြီး လမ်းဘေး ရေမြောင်းထဲ ထိုးကျသွားတယ်။ ကားက ပက်လက်လန်သွားတော့ လူက မထွက်နိုင်ဘူး ဖြစ်တာပေ့ါ။ အဲဒီတော့ ၁၀ မိနစ်၊ ၁၅မိနစ် အတောအတွင်းမှာ အခြေအနေ ပြောင်းလဲသွားတာပေ့ါ။ သုံးယောက်ပေါ့။ ကျန်တဲ့သူကတော့ အင်ဂျင်နီယာ မဟုတ်ပါဘူး။ ရင်ခွင်ရုံ ဘာညာစစ်ဆေး၊ ၀ါးခယ်မဆေးရုံက အတည်ပြုပြီးတော့ Dead Body တွေကတော့ မိသားစုတွေဆီကို သူတို့အဆက်အသွယ်တွေနဲ့ ရောက်အောင်ပို့လိုက်တယ်” ဟု တံတားတည်ဆောက်ရေးအဖွဲ့ (၂)မှ EE ဦးဉာဏ်ဟိန်းအောင်က ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ၀ါးခယ်မမြို့မရဲစခန်းက ယာဉ်(ပ) ၂၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် ယာဉ်မောင်းဖြစ်သူ ဒေါ်အိမြတ်ဆွေအား အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။















