နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) မှ ခေါင်းဆောင်ဟောင်း ငါးဦးအပါအဝင် ၁၁ ဦးကို ပုဒ်မ ၁၇ ( ၁ ) ဖြင့် ထောင်ဒဏ် နှစ်နှစ်စီချမှတ်

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN – K) မှ ခေါင်းဆောင်ဟောင်း ငါးဦးအပါအဝင် ၁၁ ဦးကို ပုဒ်မ ၁၇ ( ၁ ) ဖြင့် ထောင်ဒဏ် နှစ်နှစ်စီချမှတ်
Published 6 November 2019
ကောင်းခန့်လင်း ၊ အောင်သူထွန်း

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN - K) မှ ခေါင်းဆောင်ဟောင်း ငါးဦးအပါအဝင် ၁၁ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေရန် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

" အားလုံး တစ်ဆယ့် တစ်ယောက်ပေါ့နော်။ တစ်ယောက်ကို နှစ်နှစ်စီ ချလိုက်တယ်။ ၁၇/၁ နဲ့ပဲ ဟုတ်ပါတယ်" ဟု အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးသန်းနိုင်က ပြောကြားသည်။

NSCN - K အဖွဲ့သည် အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် အာသံကသည်းအဖွဲ့များနှင့် စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်သည်ဟုဆိုကာ ထိပ်ပိုင်းခေါင်းဆောင် ငါးဦး နှင့် တပ်ဖွဲ့ဝင် ခြောက်ဦးကို တပ်မတော်မှ မေလအတွင်းက ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

" ဒီကနေ့ အခြေအနေက NSCN - K  လက်နက်ကိုင်အဖွဲ့က ဗိုလ်မှူးအဆင့်ရှိသူ ၆ ဦးနဲ့ ဝန်ကြီးအဆင့်ရှိသူ ၅ ဦးကို ခန္တီးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ။ ပုဒ်မ ၁၇ / ၁ နဲ့ ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ် ၂ နှစ် စီ ချမှတ်လိုက်ပါတယ်။ အားလုံးပေါင်း ၁၁ ဦးပါ ။ အပြီးသတ် အမိန့်ချမှတ်ပြီး ချုပ်ရက်ကိုလည်း ခံစားခွင့်ပေးထားပြီး မကျေနပ်ပါက အယူခံတက်ပိုင်ခွင့် ရှိတယ်လို့ တရားသူကြီးက ပြောပါတယ်။ ဒီကနေ့ နာဂအမျိုးသားပါတီတွေ ဝန်းရံလာတယ် ။ နာဂဒေသက လူတွေ ဝန်းရံလာကြပါတယ်။ တရားလို တပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူ နှစ်ဦးစလုံး လာပါတယ်။ တရားခံတွေက သူတို့ကို မတရားအသင်းနဲ့ ဆက်နွယ်တယ်ဆိုပြီး ဒီလို ထောင်ချတယ်ဆိုတာ စိတ်မကောင်းဘူးဆိုပြီး ပြောသွားပါတယ် "ဟု အဆိုပါ ရုံးချိန်းကို သွားရောက်ခဲ့သူ ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်က ပြောကြားသည်။

ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည့် ဗိုလ်ချုပ် အန်မိုင် ၊ ဦးကျော်ဝမ်းစိန် ၊ ဦးအန်ကန့် ၊ ဦးစောထင် နှင့် ဦးအောင်ဆိုင် တို့ကိုအဖွဲ့မှ ထုတ်ပယ်ကြောင်း နိုဝင်ဘာ ၁ ရက်တွင် NSCN - K အဖွဲ့မှ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

 

 

Most Read

Most Recent