တေးသံရှင် ကေကေမိုးရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

တေးသံရှင် ကေကေမိုးရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 25 October 2019
လင်းလင်းခိုင်

အခုတစ်ပတ်အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ဖြတ်သန်းရာကဏ္ဍမှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ တေးသီချင်းလေးတွေဖြစ်တဲ့ “ကျွန်မ”၊ “မောင်မငိုရဘူးနော်” သီချင်းတွေရဲ့ တေးသံရှင်ကေကေမိုးကို ရွေးချယ်ထားပါတယ်။ ခံစားမှုအားကောင်းကောင်းနဲ့ တေးသီချင်းတွေကို သီဆိုတတ်သူတစ်ဦးဖြစ်သလို တေးသံရှင်ချောစုခင်ရဲ့ ညီမဝမ်းကွဲတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက ဂီတကိုရူးသွပ်ဝါသနာပါသူတစ်ဦးဖြစ်သလို ဂီတလမ်းကြောင်းပေါ်မှာ ဖြည်းဖြည်းမှန်မှန် ချီတက်နေသူတစ်ဦးလို့လည်း ဆိုရမှာပါ။ ဒီတစ်ပတ်မှာတော့ ကေကေမိုးပြောပြခဲ့တဲ့ ငယ်စဉ်ဘဝ အမှတ်တရတွေနဲ့ ဂီတလမ်းကြောင်းပေါ်က အမှတ်တရတွေကို ဝေမျှပေးချင်ပါတယ်။

တေးသံရှင်ကေကေမိုးက ရန်ကုန်ဇာတိဖြစ်သလို စက်တင်ဘာ ၉ ရက် ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ မွေးချင်းမောင်နှမလေးယောက်အနက် နို့ညှာသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာတော့ ဆော့ကစားမက်သူတစ်ယောက်ဖြစ်သလို သီချင်းဆိုရတာကို ငယ်စဉ်ကတည်းက နှစ်သက်သူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သီချင်းတွေနားထောင်ရတာကြိုက်သလို သီချင်းဆိုရတာ ၀ါသနာပါတာကြောင့် အစ်မဖြစ်သူချောစုခင်ရဲ့ ရှိုးပွဲတွေနောက်ကို တကောက်ကောက် လိုက်ခဲ့ဖူးပါတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

“ငယ်ငယ်က အဆော့မက်တယ်။ သီချင်းဆိုတာကတော့ ကလေးဘဝတည်းကကို အရမ်းကြိုက်တာ။ သီချင်းနားထောင်ရတာလည်း ကြိုက်တယ်။ မချောစုက အစ်မဝမ်းကွဲဆိုတော့ မချောစုရှိုးပွဲတွေသွားရင် လိုက်သွားဖြစ်တာများတယ်။ မချောစု၊ မတင်ဇာမော်၊ မမီမီဝင်းဖေ၊ မလေးလေးဝါးတို့သီချင်းတွေနဲ့ပဲ ကြီးပြင်းလာတယ်လို့လည်း ပြောလို့ရပါတယ်” လို့ ကေကေမိုးက ဆိုပါတယ်။

ကျောင်းပညာရေးအနေနဲ့တော့ သာမန်အဆင့်လောက်ပဲရှိခဲ့သလို ကျောင်းတက်စဉ်တစ်လျှောက်မှာလည်း ငါးတန်းကျောင်းသူဘဝတည်းက ကျောင်းကပွဲတွေမှာသီချင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ ဂီတလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်း ဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကလေးဘဝမှာ ကလေးတေးသံရှင်တွေ စုစည်းထုတ်ဝေတဲ့ တေးအယ်လ်ဘမ်မှာလည်း ပါဝင်ခဲ့ဖူးတယ်လို့ အမှတ်တရဆိုပါတယ်။ အဝေးသင်တက္ကသိုလ်တက်ရောက်ရင်း တေးသံရှင်ကေကေမိုးက စူပါစတားတေးသီ ချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တေးသံရှင်ကေကေမိုးကို ပရိသတ်ပိုမိုသိရှိစေခဲ့တဲ့ ကျွန်မတေးသီချင်းနဲ့ ပတ်သက်လို့ကတော့ “ဒီသီချင်းလေးက ကိုဝေကြီးရေးပြီး ကိုဖြိုးပြည့်စုံက ကေကေနဲ့လိုက်တယ်ဆိုလို့ ဆိုဖြစ်သွားတဲ့သီချင်းပါ။ သီချင်းထဲက ကောင်မလေးရဲ့ ခံစားချက်ကိုထည့်ပြီးဆိုဖြစ်ခဲ့တာ။ ကေကေရဲ့အသံက ကရုဏာအသံလည်းပါတော့ ပရိသတ်တွေက သတိထားမိကြတယ်။ ဒီသီချင်းလေးကိုပရိသတ်တွေက ကြိုက်တယ်ဆိုတော့ ဝမ်းသာရပါတယ်” လို့ ပွင့်ပွင့်လင်းလင်းဆိုခဲ့ပါတယ်။

ကေကေမိုးအတွက် နောက်ထပ်အမှတ်တရတေးသီချင်းဆိုရင်တော့ ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကားထဲက မောင်မငိုရဘူးနော် သီချင်းလေးပါ။ လွှမ်းပိုင်ရေးသားပေးထားသလို ဇာတ်လမ်းရဲ့ Theme နဲ့ လိုက်ဖက်တဲ့အပြင် ခံစားမှုအပြည့်နဲ့ဆိုဟန်ကြောင့် ပရိသတ်တွေရဲ့ပါးစပ်ဖျားကို ရောက်ရှိစေခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီသီချင်းလေးကိုလည်း ကေကေမိုးက အမှတ်တရဖြစ်ရတယ်လို့ဆိုပါတယ်။ ကိုဘိုဆန်းတို့ လာပြလို့ဆိုပေးဖြစ်ပေမယ့် ဇာတ်ကားပြသချိန်မှာ ပရိသတ်တွေ ကြိုက်ကြတယ်ဆိုတာကြောင့် တကယ်ကို ပျော်ရွှင်ရပါတယ်လို့ ပြောပြခဲ့ပါတယ်။

တေးသံရှင်ကေကေမိုးက လတ်တလောမှာတော့ ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်သီဆိုနေသလို နောက်ထပ်လက်ခံထားတဲ့ ပွဲတွေလည်းရှိတယ်လို့ ဆိုပါတယ်။ အတွဲအယ်လ်ဘမ်တွေမှာလည်း ပါဝင်သီဆိုထားသလို single song အသစ်တွေလည်း ဖန်တီးဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

“ကေကေအတွက် အသစ်တစ်ယောက်အနေနဲ့ အခက်အခဲတွေလည်းရှိသလို အနုပညာရှင်တွေထဲမှာ ကူညီပေးကြသူတွေလည်းရှိပါတယ်။ ဘယ်လို အခက်အခဲပဲဖြစ်ပါစေ ကြိုးစားမှုကိုမရပ်ဘူးလို့ ကေကေအမြဲတွေးတယ်။ ခဏတာရပ်တန့်ခဲ့တဲ့အချိန်တစ်ခုရှိခဲ့ပေမယ့် အခုချိန်မှာတော့ လုံးဝမရပ်တန့်ဘဲ ကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကလည်း ကေကေအတွက်တကယ်ကို အားဖြစ်ရပါတယ်။ ရှေ့ဆက်ပြီးလည်း သီချင်းတွေ ဆက်တိုက်ဖန်တီးနိုင်ဖို့ကို ကြိုးစားသွားမှာပါ။ ကိုယ့်စိတ်ထဲမှာ တကယ်ဖြစ်ချင်တဲ့အရာကို ဆက်တိုက်သာကြိုးစားနေမယ်ဆိုရင် တစ်နေ့မှာတော့ ကိုယ်ဖြစ်ချင်တာတွေ အရာထင်လာမယ်လို့ ယုံကြည်ပါတယ်” လို့လည်း သူ့ရဲ့ခံယူချက်ကို မျှဝေပေးခဲ့ပါတယ်။

အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်သလို သီချင်းလေးတွေ နားဆင်ပေးတာနဲ့တင် ပျော်ရွှင်နေပါပြီလို့ ဆိုခဲ့ပါတယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာလုပ်ငန်းတွေမှာလည်း အားပေးချစ်ခင်ပေးဖို့ ပြောခဲ့ပါသေးတယ်။

အခုတစ်ပတ်မှာဖတ်ရှုခဲ့ကြရတာက တေးသံရှင်ကေကေမိုးရဲ့ ငယ်စဉ်ဘဝအမှတ်တရတွေနဲ့ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းမှုအတွေ့အကြုံတွေပါ။ သူ့ရဲ့ ဖြတ်သန်းမှု၊ ခံယူချက်တွေကနေ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ အားမာန်ကိုလည်း တွေ့မြင်နိုင်မှာပါ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်တွေက စိတ်ဝင်စားစရာ အမှတ်တရတွေ ပြန်လည်မျှဝေပေးမယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုပေးပါဦးလို့။          

 

 

Most Read

Most Recent