ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေးများ နိုဝင်ဘာ ၄ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေးများ နိုဝင်ဘာ ၄ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူ
Published 15 October 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို နိုဝင်ဘာ ၄ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း အောက်တိုဘာ ၁၃ ရက်စွဲဖြင့် လွှတ်တော်အသီးသီးက ကြေညာချက် ထုတ်ပြန်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၃ နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃ နည်းဥပဒေခွဲ (ခ)တို့အရ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက် (တနင်္လာ နေ့) မွန်းလွဲ ၁ နာရီခွဲတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်ထောင်စု လွှတ်တော်ရုံး၏ ကြေညာချက် အမှတ် (၃/၂၀၁၉) တွင် ဖော်ပြထားသည်။

ထို့အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၆၊ ၂၀၁၂  ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော် ၌  ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက် (တနင်္လာ နေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ပြည်သူ့လွှတ်တော်က ကြေညာချက် အမှတ်(၃/၂၀၁၉)အား ထုတ်ပြန်ကြေညာသည်။

အလားတူ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌  ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း အမျိုးသားလွှတ်တော်က ကြေညာချက်အမှတ် (၃/၂၀၁၉) အား ထုတ်ပြန်ကြေညာသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပြီး လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရုံးရေးရာဆောင် အမှတ် I-12 သို့လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အမျိုးသား လွှတ်တော် ရုံးရေးရာဆောင် အမှတ် I-19 သို့ လည်းကောင်း နိုဝင်ဘာ ၂ ရက်ထက် မစော၊ နိုဝင်ဘာ ၃ ရက်ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် ကိုယ်စားလှယ် စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်လည်း အသိပေးထားကြောင်း သိရသည်။

“ပြည်ထောင်စုလွှတ်တော် အနေနဲ့ကတော့ ဒါနှစ်ဖက်စလုံး၊ တပ်မတော်က တင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တခြားအဖွဲ့အစည်းတွေ၊ နောက် NLD က တင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆက်ပြီးလုပ်ကြရမှာပေါ့။ ဒါနံပါတ်တစ် အချက်ပေါ့။ နံပါတ်နှစ်အချက်ကတော့ ဆရာတို့ အခြေခံပညာရေး ဥပဒေကတော့ ပြည်သူကော အမျိုးသားကောပြီးပြီ။ ဒီနှစ်ခု သဘောထား ကွဲလွဲတာကို ပြည်ထောင်စုမှာ ဆုံးဖြတ်ရုံပဲရှိတယ်။ အဲဒါလေး တစ်ခုရှိမယ်။ နောက်ထပ် ပြည်ထောင်စု ဘဏ္ဍာငွေ၊ နိုင်ငံတကာ ချေးငွေနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်မယ့် ဟာတွေရှိတယ်။ ကျန်တဲ့ဟာတော့ ထွေထွေထူးထူး ဆရာ မသိပါဘူး” ဟု ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားသည်။

ပြီးခဲ့သည့် ဒုတိယအကြိမ် ၁၃ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ဇူလိုင် ၁၅ ရက်က စတင်ကျင်းပခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ပြီးဆုံးခဲ့ကာ အစည်းအဝေး ပြုလုပ်ရက် ၂၆ ရက်ရှိခဲ့သည်။

အဆိုပါ ၁၃ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကာလအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းများကို ဆွေးနွေးအတည်ပြုခဲ့သည်။

ထို့ပြင် ၁၃ ကြိမ်မြောက် အစည်းအဝေး ကာလအတွင်း ဥပဒေခုနစ်ခုအား အတည်ပြု ထုတ်ပြန်နိုင်ခဲ့ပြီး နိုင်ငံတော် သမ္မတထံမှ ပေးပို့လာသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်ငါးခု၊ ပြည်ပချေးငွေဆိုင်ရာ ကိစ္စရပ် သုံးခုတို့ကို ဆွေးနွေးအတည်ပြုခဲ့သည်။

ထို့အတူ ၁၃ ကြိမ်မြောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ အစည်းအဝေးများသည်လည်း စက်တင်ဘာ ၁၉ ရက်က ပြီးစီးခဲ့ပြီး အစည်းအဝေး ကျင်းပရက် ၂၃ ရက်ရှိခဲ့သည်။

 

Most Read

Most Recent