ရေနံစျေးနှုန်းများ ထိုးတက်လာစေသည့် ဆော်ဒီရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အမေရိကန်က အီရန်ကို အပြစ်တင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်က တုံ့ပြန်ရန် အသင့်ရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုများသည် ဆော်ဒီအာရေဗျ၏ ရေနံထုတ်လုပ်မှုကို ထက်ဝက်ကျဆင်းသွားစေခဲ့ပြီး ဆော်ဒီနှင့် အမေရိကန်နှစ်နိုင်ငံစလုံးက ၎င်းတို့အနေဖြင့် မဟာဗျူဟာအရ သိုလှောင်ထားသည်များကို အသုံးပြုရနိုင်သည်ဟု ကြေညာရသည့် အနေအထားသို့ ဆိုက်ရောက်သွားစေခဲ့သည်။ ထရန့်၏ ပြောကြားမှုသည် အမေရိကန်သမ္မတအနေဖြင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများကို စစ်ရေးအရ တုံ့ပြန်ဖွယ်ရှိကြောင်း ပထမဆုံးအကြိမ်အဖြစ် အရိပ်အမြွက် ပြောကြားမှုလည်းဖြစ်သည်။
“ဆော်ဒီအာရေဗျ ရေနံထောက်ပံ့မှုဟာ တိုက်ခိုက်ခံလိုက်ရပါတယ်။ ကျွန်တော်တို့ လက်သည်တရားခံကို သိတယ်လို့ ယုံကြည်ရတဲ့ အကြောင်းရှိပါတယ်။ အတည်ပြုချက်တွေအပေါ်မူတည်ပြီး တုံ့ပြန်ဖို့ အသင့်ပြင်ထားပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အကြောင်းတရားကို သူတို့ ဘယ်လိုယုံကြည်သလဲဆိုတာအတွက် ဆော်ဒီရဲ့ ပြောစကားကိုလည်း စောင့်နေပါတယ်။ ဘယ်လိုသတ်မှတ်ချက်တွေအောက်မှာ ကျွန်တော်တို့ ဆက်လုပ်ရမလဲဆိုတာကိုလည်း စောင့်နေပါတယ်” ဟု ထရန့်က တွစ်တာ၌ ပြောကြားခဲ့သည်။
ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ငါးနှစ်ကြာ စစ်ပွဲတစ်ရပ် ဆင်နွှဲနေသော ယီမင်နိုင်ငံမှ (အီရန်က ကျောထောက်နောက် ခံပြုပေးထားသည့်) ဟူသီသူပုန်များက ဆော်ဒီနိုင်ငံပိုင် ကုမ္ပဏီကြီးဖြစ်သော Aramco ၏ ရေနံချက်စက်ရုံနှစ်ခုကို စက်တင်ဘာ ၁၄ ရက်က တိုက်ခိုက်ခဲ့မှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရာ နေရာကို ယီမင်မှနေ၍ မမျှော်လင့်ဘဲ တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ သက်သေအထောက်အထား မတွေ့ရကြောင်း ပြောကြားလျက် လက်သည်တရားခံအဖြစ် အီရန်ကိုသာ လက်ညှိုးထိုးခဲ့သည်။
“စွမ်းအင်စျေးကွက်တွေအနေနဲ့ ကောင်းကောင်းထောက်ပံ့နိုင်အောင် ထိန်းထားဖို့ အမေရိကန်ဟာ မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အီရန်အနေနဲ့ သူ့ရဲ့ ရန်လိုမှုအတွက် တာဝန်ခံရပါလိမ့်မယ်” ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။
အမေရိကန်၏ စွပ်စွဲမှုကို အီရန်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဘာမူဆာဗီက “ဒီလိုမျိုး အခြေအမြစ်မရှိဘဲ အသားလွတ်စွပ်စွဲမှုတွေနဲ့ မှတ်ချက်တွေဟာ ဆီလျော်မှု မရှိသလို အဓိပ္ပာယ်လည်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ယင်းမှတ်ချက်များသည် အီရန်၏ ဂုဏ်သတင်းကို ပျက်စီးစေရန်နှင့် အီရန်နိုင်ငံအပေါ် နောင်ပြုလုပ်မည့် လုပ်ရပ်များအတွက် ကြိုတင်ဇာတ်ခင်းထားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။














