ဘရီးဇစ်ဆွေးနွေးမှုများ၌ အကြီးအကျယ် တိုးတက်မှုရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောကြား

ဘရီးဇစ်ဆွေးနွေးမှုများ၌ အကြီးအကျယ် တိုးတက်မှုရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောကြား
၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်က ဝန်ကြီးချုပ် ကင်မရွန်း (ယာ)နှင့် လန်ဒန်မြို့တော်ဝန် ဂျွန်ဆင်တို့ လန်ဒန်ရှိ စိန့်ပေါ ဘုရားကျောင်းမှ ထွက်ခွာလာကြစဉ် (Photo: AFP)
၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်က ဝန်ကြီးချုပ် ကင်မရွန်း (ယာ)နှင့် လန်ဒန်မြို့တော်ဝန် ဂျွန်ဆင်တို့ လန်ဒန်ရှိ စိန့်ပေါ ဘုရားကျောင်းမှ ထွက်ခွာလာကြစဉ် (Photo: AFP)
Published 15 September 2019
Ref: AFP

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂနှင့် ဆွေးနွေးရာတွင် ဘရီးဇစ် သဘောတူညီချက်တစ်ရပ်နှင့် ပတ်သက်၍ အကြီးအကျယ် တိုးတက်မှုရရှိအောင် ပြုလုပ်နိုင်ခဲ့ကြောင်း Incredible Hulk ဇာတ်ကောင်နှင့် နှိုင်းလျက် အင်တာဗျူးတစ်ခု၌ စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“အခုနဲ့ အောက်တိုဘာ ၁၇ ရက်ကြား လုပ်စရာတွေ အများကြီးရှိနေပါတယ်” ဟု ဗြိ တိန် ဥရောပသမဂ္ဂမှ မနုတ်ထွက်မီ ဥရောပခေါင်းဆောင်များ နောက်ဆုံးတွေ့ဆုံဆွေး နွေးကြမည့်အချိန်ကို ရည်ညွှန်းလျက် ဂျွန် ဆင်က Mail သတင်းဌာနသို့ ပြောကြားခဲ့ သည်။

“ဒါပေမဲ့ ကျွန်တော် အဲ့ဒီဆွေးနွေးပွဲကို သွားပြီး သဘောတူညီချက်တစ်ရပ် ယူပါမယ်။ ကျွန်တော် သိပ်ကိုယုံကြည်မှုရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ သဘောတူညီချက် တစ်ရပ် မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ အောက်တိုဘာ ၃၁ ရက်မှာ ထွက်ပါမယ်” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

ဥရောပကော်မရှင်အကြီးအကဲ ယန်းက လော်ဒီယန်ကာ၊ ဥရောပသမဂ္ဂ၏ ဘရီးဇစ်စေ့စပ်ညှိနှိုင်းရေးမှူး မိုက်ကယ်ဘာနီယာ တို့နှင့် စက်တင်ဘာ ၁၆ ရက်၌ လူဇင်ဘတ်တွင် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ ဂျွန်ဆင် ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထူးခြားသော ခိုင်းနှိုင်းမှုအဖြစ် ဂျွန်ဆင်သည် ဗြိတိန်ကို ကာတွန်းစာအုပ်ထဲမှ ဇာတ် ကောင် Hulk နှင့် နှိုင်းယှဉ်ပြောဆိုမှု ပြုလုပ်ခဲ့သေးသည်။

“ပိုပြီးရူးသွပ်တဲ့အရာကို Hulk ရတယ်၊ ပိုပြီး သန်မာတာကို Hulk ရတယ်၊ Hulk အမြဲတမ်း လွတ်မြောက်ခဲ့တယ်။ ကြည့်ရတာ ဘယ်လောက်တင်းကျပ်ပုံရတဲ့ သူ့ကို ချုပ်နှောင်မှုမျိုးဆိုတာ ဘာအရေးမှ မပါဘူး။ ဒီ နိုင်ငံအတွက်ကလည်း ဒါမျိုးပါပဲ” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အောက်တိုဘာ ၃၁ ရက်မှာ ထွက်ပါမယ်၊ ဒါကို ကျွန်တော်တို့ ပြီး မြောက်အောင် လုပ်ပါမယ်။ ကျွန်တော့်ကို ယုံကြည်ပါ” ဟုလည်း ဂျွန်ဆင်က ပြောကြားခဲ့သည်။

သို့သော် သူ၏ ကွန်ဆာဗေးတစ် ပါလီမန် အမတ်များထဲမှ တစ်ဦးသည် ဥရောပ လိုလားသော လစ်ဘရယ်ဒီမိုကရက်များထံသို့ ဘက်ပြောင်းသွားသည့် စက်တင်ဘာ ၁၄ ရက်တွင် ဂျွန်ဆင်၏ ချဉ်းကပ်ပုံကို ပါလီမန်က အတိုက်အခံပြုနေသည့် အတိုင်းအတာမှာ သိသာထင်ရှားခဲ့ပြီးဖြစ်သည်။

တက္ကသိုလ်များ ဝန်ကြီးဟောင်း ဆမ်ဂီမားက ဥရောပသမဂ္ဂမှ သဘောတူညီချက်မပါဘဲ နုတ်ထွက်မည်ဟူသည့် ဂျွန်ဆင်၏ ခြိမ်းခြောက်မှုကို အပြင်းအထန် ဝေဖန်ခဲ့ပြီး ၂၀၁၆ ဘရီးဇစ် ပြည်လုံးကျွတ် မဲဆန္ဒခံယူပွဲ ကို ပြန်လည်ကျင်းပရန် တောင်းဆိုခဲ့သည်။

သဘောတူညီချက် ရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ အောက်တိုဘာတွင် ဥရောပသမဂ္ဂမှ နုတ်ထွက်မည်ဟု ကတိပြုလျက် ဂျွန်ဆင်သည် ဇူလိုင်လက အာဏာရယူခဲ့ခြင်း ဖြစ်သော်လည်း အောက်လွှတ်တော်မှ အ တိုက်အခံပြုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက သူပုန်ကွန်ဆာဗေးတစ်များသည် ဂျွန်ဆင်အနေဖြင့် သဘောတူညီချက်တစ်ရပ် အချိန်မီ ရရှိခြင်းမရှိပါက ဘရီးဇစ်ကို ဇန်နဝါရီအထိ ရွှေ့ဆိုင်းထားရေးအား ဥပဒေပြု၍ ဆောင် ရွက်ရေးဘက်သို့ ပူးပေါင်းသွားခဲ့ကြကြောင်း သိရသည်။

 

 

Most Read

Most Recent