မြန်မာနိုင်ငံတွင် မျက်စိဆရာဝန် ၃၅၀ ရှိသဖြင့် လူတစ်သိန်းခွဲတွင် မျက်စိဆရာဝန်တစ်ဦးနှုန်းဖြင့် စောင့်ရှောက်မှု ပေးနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် မျက်စိဆရာဝန် ၃၅၀ ရှိသဖြင့် လူတစ်သိန်းခွဲတွင် မျက်စိဆရာဝန်တစ်ဦးနှုန်းဖြင့် စောင့်ရှောက်မှု ပေးနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ပြောကြား
ပခုက္ကူမြို့ သီတဂူတက္ခုဒါနဆေးရုံတွင် မျက်စိကုသမှုခံယူရန် စောင့်ဆိုင်းနေသူများအာ မြင်တွေ့ရစဉ်
ပခုက္ကူမြို့ သီတဂူတက္ခုဒါနဆေးရုံတွင် မျက်စိကုသမှုခံယူရန် စောင့်ဆိုင်းနေသူများအာ မြင်တွေ့ရစဉ်
Published 13 October 2018
ဆန်းထူးအောင်

မြန်မာနိုင်ငံတွင် မျက်စိဆရာဝန် ၃၅၀ ရှိသဖြင့် လူတစ်သိန်းခွဲတွင် မျက်စိဆရာဝန် တစ်ဦးနှုန်းဖြင့် စောင့်ရှောက်မှု ပေးနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အောက်တိုဘာ ၁၁ ရက်တွင် အမျိုးးသား မျက်စိဘဏ်၊ မျက်စိအထူးကုဆေးရုံကြီး၌ ကျင်းပသည့် ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နှစ်စဉ် အောက်တိုဘာလရဲ့ ဒုတိယ ကြာသပတေးနေ့ကို ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံများ အားလုံးမှာ နှစ်စဉ်ကျင်းပလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဆောင်ပုဒ်မှာ Universal Eye Health : “Eye Care Everywhere” ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးကို မျက်စိကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင်ရမည်ဟု ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားသည်။

ထို့ပြင် မျက်မမြင် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားအဆင့် (၅) နှစ်စီမံကိန်းကို ရေးဆွဲဆောင်ရွက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကာကွယ်ကုသနိုင်သည့် မျက်စိရောဂါတွင် အဓိက မျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သည့် ရောဂါများသည် အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းနှင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါကြောင့်ဖြစ်သည့် မျက်စိရောဂါများဖြစ်ပြီး အတွင်းတိမ်ရောဂါသည် မျက်စိရောဂါ အားလုံး၏ ရာခိုင်နှုန်း ၆၀ ခန့်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မျက်စိအတွင်းတိမ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်ကုသပေးနိုင်ပါက မျက်မမြင် လျော့နည်းရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ မျက်စိဆရာဝန်ပေါင်း ၃၅၀ ဦးခန့်ရှိတဲ့အတွက် လူဦးရေတစ်သိန်းခွဲမှာ  မျက်စိဆရာဝန် တစ်ဦးနှုန်းနဲ့ စောင့်ရှောက်မှု ပေးနိုင်ပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးနိုင်ငံလင်းက ပြောကြားသည်။

ယင်းအပြင် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှု (Primary Eye Care) ကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်စေရန်၊ ကျောင်းများအတွင်း မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျေးလက်နေ ပြည်သူလူထုအထိ ကွင်းဆင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှု သင်တန်းများ ပို့ချခြင်းတို့ကို နှစ်စဉ်တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဆက်လက်ပြီး ရန်ကုန်မြို့တွင် ကုတင် ၁၅၀ ဆံ့ မျက်စိအထူးကုဆေးရုံကြီးကို ၁၉၉၃  ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းအင်အား ၂၁၆ ဦးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရုံးဖွင့်ရက်များအတွင်း ဖွင့်လှစ်သည့် ပြင်ပလူနာဌာနတွင် တစ်နေ့ ပျမ်းမျှလူနာ ၄၀၀ ခန့်ကို ကုသပေးလျက်ရှိကြောင်း၊ ၎င်းဌာနသည် မျက်ကြည်လွှာဆိုင်ရာ၊ မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ၊ မျက်ခွံမျက်ရည် လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ၊ မျက်စိအာရုံကြောဆိုင်ရာ၊ ရေတိမ်ရောဂါဆိုင်ရာ၊ ကလေးမျက်စိရောဂါ ဆိုင်ရာနှင့် မျက်စိအတွင်းရောင် ရောဂါဆိုင်ရာ အစရှိသည့် အထူးစမ်းသပ်ခန်းများ ဖွင့်လှစ်ပြီး ကုသပေးလျက်ရှိကြောင်း၊ မျက်စိဆေးရုံကြီး အနေဖြင့် တစ်ပတ်လျှင် ငါးရက် တစ်နေ့လျှင် လူနာ ၈၅ ဦးမှ ၁၀၀ ခန့်ကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိပြီး နေ့စဉ်အရေးပေါ် ခွဲစိတ်မှုများလည်း ပြုလုပ်ပေးလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent