ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှု အစိုးရနာမည်ရရေးအတွက်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆိုသည်မှာ နာမည်ကောင်းယူ၍ရသော ကိစ္စမျိုးမဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှု အစိုးရနာမည်ရရေးအတွက်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆိုသည်မှာ နာမည်ကောင်းယူ၍ရသော ကိစ္စမျိုးမဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 13 September 2019
မင်းနိုင်စိုး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုသည် အစိုးရနာမည်ရရေးအတွက် မဟုတ်ဘဲ ငြိမ်းချမ်းရေးဆိုသည်မှာ နာမည်ကောင်းယူ၍ရသော ကိစ္စမျိုးမဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါတွေ့ဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုဆိုရင်ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခကြောင့် တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေရှိတယ်။ ဒီလူထုအကျိုးအတွက် ရှေးရှုပြီးတော့ အထူးသဖြင့် အစိုးရနာမည်ရဖို့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆိုတာက နာမည်ကောင်းယူလို့ရတဲ့ ကိစ္စမျိုးမဟုတ် ဘူး။ အဲဒီတော့ အကောင်းဆုံးမျှော်လင့်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားဖို့ပဲရှိတယ်” ဟု ဦး ဇော်ဌေးက ပြောကြားသည်။

ထိုသို့ ကြိုးစားဆောင်ရွက်ရာ၌ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား Bilateral လက်မှတ်ရေးထိုး၍ ပစ်ခတ်တိုက်ခိုက်မှုများ လျော့နည်းသွားချိန်ရောက်သည့်အချိန်တွင် တစ်ဖက်တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး  အဆင့်ဆင့်သော  လုပ်ငန်းစဉ်များ ပါဝင်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် သဘောတူချုပ်ဆိုနိုင်ပါက ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ မြင့်မားလာမည်ဟု မျှော်မှန်းထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

သို့သော် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ပြုလုပ်ပြီးနောက် အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ကြာသည့်အထိ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ခြင်း မရှိသေးဘဲ ထိုသို့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ခြင်း မရှိသေးသည့်အပေါ် အစိုးရအနေဖြင့် မည်သည့်အဖွဲ့အစည်းကိုမျှ အပြစ်တင်ခဲ့ခြင်းမရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ကျွန်တော်တို့ကို အတိုင်ပင်ခံပုဂ္ဂိုလ်  မှာထားတာက ဒါတွေက ကျွန်တော်တို့နိုင်ငံ ရေးဆွေးနွေးပွဲမှာ ဖြစ်တတ်တဲ့ သဘောသဘာဝရှိတယ်။ အဲဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်စရာမလိုဘူး။ စိတ်ရှည်သည်းခံစွာနဲ့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ကသွားတာ။ ဒီကနေ့အထိ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းကြောင့် ဘာကြောင့်ဆိုတာ ကျွန်တော်တို့မပြောဘူး။ ပြောမှာလည်း မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီသဘောသဘာဝ ဖြစ်တတ်တယ်။ နောက်ဆုံး ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ခါနီးရင် ဒါမျိုးတွေက ဖြစ်တတ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

 

 

Most Read

Most Recent