ဥပုသ်စောင့်ခြင်း

ဥပုသ်စောင့်ခြင်း
Published 5 September 2019

ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလို ခုနစ်ရက် တစ်ပတ်လျှင် တစ်ရက်ကို နေ့အားအဖြစ် သတ်မှတ်ထားလေ့ ရှိကြသည်။ ထိုသို့ထားရာတွင် အချို့လူမျိုးများအဖို့  ထိုနေ့သည် နေ့စဉ် အလုပ်တာဝန်များကို ရပ်ဆိုင်းထားသော အားလပ်ရက်မျှသာ မဟုတ်ဘဲ လောကုတ္တရာ လမ်းစဉ်ဖြစ်သော အယူဝါဒဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရသော နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထိုကြောင့် ထိုကဲ့သို့သော နေ့မျိုးကို သီတင်းနေ့၊ သို့မဟုတ် ဥပုသ်နေ့ဟု ခေါ်သည်။

ရှေးနှစ်ပေါင်းများစွာကပင် အီဂျစ်၊ ဘာဘီလိုနီးယန်း၊ ပါရှား၊ ဂရိနှင့် ရောမလူမျိုးများသည် လည်းကောင်း၊ ဟိန္ဒူဘာသာဝင်များသည် လည်းကောင်း ခုနစ်ရက် တစ်ပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ နောက်ခေတ်တွင် ဟီဗြူလူမျိုးများသည် ဘာဘီလိုနီးယန်း လူမျိုးများမှတစ်ဆင့် ခုနစ်ရက် တစ်ပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ် ထားသောအလေ့ကို ဆက်ခံရရှိဟန် တူလေသည်။ သို့ရာတွင် ဟီဗြူလူမျိုးတို့၏ အားလပ်ရက်မှာ သူတို့၏ အယူဝါဒဆိုင်ရာ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထိုနေ့မှာ အီဂျစ်လူမျိုးတို့၏ အညှဉ်းဆဲခံ လက်အောက်ခံဘဝမှ ဟီဗြူလူမျိုးများ လွတ်မြောက်သောနေ့ဖြစ်ပြီး ရက်သတ္တပတ်တွင် ခုနစ်ရက်မြောက်နေ့ ဖြစ်သော စနေနေ့ ဖြစ်လေသည်။ ခရစ်ယာန် ဘာသာဝင်တို့၏ ဥပုသ်နေ့မှာမူ တနင်္ဂနွေနေ့ဖြစ်၏။ ခရစ်ယာန်များသည် တနင်္ဂနွေကို ဥပုသ်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် ခရစ်တော် ရှင်ပြန်ထမြောက်လာသောကြောင့် ဖြစ်သည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၌ ဥပုသ်နေ့ဟူ၍ သတ်မှတ်ထားခြင်း ရှိသည်။  ဥပုသ်ဟူသော စကားသည် “ဥပေါသထ” ဟူသော ပါဠိမှ လာသော ပါဠိပျက် စကားပင် ဖြစ်သည်။  “ဥပ + ဝသထ” ဟု ပုဒ်ခွဲကြည့်ပါက “ဥပ” - ညစာ မစားခြင်း၊ “ဝသထ” နေခြင်းဟု အဓိပ္ပာယ်ရသည်။ ညစားမစားခြင်း၊ သူ့အသက်မသတ်ခြင်း အစရှိသည့် အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ ဘာဝနာပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့်သည်ဟု ခေါ်သည်။ တစ်ဖန် ဥပုသ် သုံးမျိုး ရှိပြန်ရာ (၁) ဂေါပါလဥပုသ် (၂) နိဂဏ္ဌဥပုသ် နှင့် (၃) အရိယာဥပုသ် ဟူ၍ ဖြစ်သည်။

(၁) ဂေါပါလဥပုသ် ဆိုသည်မှာ ဥပုသ်သီလကို ဆောက်တည်ပြီးနောက် ရတနာသုံးပါး၏ ဂုဏ်တော်၊ ကျေးဇူးတော်ကို မအောက်မေ့ မပွားများဘဲ ဝတ်ရေးစားမှု အစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုး ဖြစ်သဖြင့် အကျိုးပေးနည်းသည်။ (၂) နိဂဏ္ဌဥပုသ်ဆိုသည်မှာ တိတ္ထိတို့ ဆောင်သော ဥပုသ်မျိုး ဖြစ်သည်။ ပမာအားဖြင့် မိုင်တစ်ရာအတွင်း ရှိသော သတ္တဝါကိုသာ သတ်ပါမည် စသည့် သိက္ခာပုဒ်မျိုးကို ဆောက်တည်ခြင်းဖြစ်၍ အပြစ်ရှိသည်။ (၃) အရိယာဥပုသ် ဆိုသည်မှာ ဥပုသ် ဆောက်တည်ပြီးလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ အသုဘတရားတို့ကို ဆင်ခြင်စဉ်းစားပြီး ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်များကို အောက်မေ့ ပွားများခြင်းများ ပြုလုပ်သဖြင့် များမြတ်သော အကျိုးရှိ၏။

ဥပုသ်နေ့များတွင် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်များသည် ဥပုသ်သီလ ဆောက်တည်ကြသည်။ ထိုနေ့မျိုးတွင် ပစ္စည်းဥစ္စာ ကုံလုံပြည့်စုံသူများက ရဟန်းသံဃာတော်များအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းကြသည်။ အချို့သော သူများကမူ ဘုရား တန်ဆောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ဥပုသ် ဆောက်တည်ရာ၌ မြတ်စွာဘုရားထံတွင် အာရုံပြု၍ ဖြစ်စေ၊ သံဃာတော်များထံမှ သီလကို ခံယူ၍ ဖြစ်စေ ဆောက်တည်ကြလေသည်။ ဗုဒ္ဓတရားတော်အရ ဥပုသ်စောင့်သူ တစ်ယောက်သည် ဥပုသ်ဆောက်တည်သည့် နေ့တွင် မွန်းလွဲသည့်အချိန်မှ စ၍ နောက်တစ်ရက် မိုးသောက်အထိ “၀ိကာလဘောဇနာ” ဟူသော သိက္ခာပုဒ်အရ မည်သည့် အစာအာဟာရကိုမျှ မှီဝဲခြင်း မပြုရပေ။

မည်သို့ပင်ဆိုစေ၊ ဥပုသ်စောင့်ခြင်း ဟူသည် အဓိကအားဖြင့် အကျင့်သီလကို စောင့်ထိန်းခြင်း ဖြစ်သောကြောင့် လူသားတို့ ပြုကျင့်အပ်သော မွန်မြတ်သည့် အလေ့အထ တစ်ရပ်ပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent