TNLA၊ AA၊ MNDAA စသည့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များသည် သြဂုတ် ၁၅ ရက်က နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ ကျောက်မဲမြို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့နယ် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလိုပင် နယ်စပ်ကုန်သွယ်ရေးလမ်း တစ်လျှောက်ရှိ အရေးပါသည့် တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အလစ်အငိုက် တိုက်ခိုက်မှုများအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးမှုများကြောင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များအပေါ် ပြည်သူများအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ အစိုးရနှင့် ကျိုင်းတုံတွင် ဆွေးနွေးပွဲ ပြုလုပ်ပြီး နောက်တွင်ပင် အပြစ်မဲ့ အရပ်သားများအပေါ် တိုက်ခိုက်ခြင်း၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များကို ယမန်နေ့ကအထိ မီးရှို့ဖျက်ဆီးမှုများ ခြိမ်းခြောက်ဖမ်းဆီး ခေါ်ဆောင်မှုများကဲ့သို့ အကြမ်းဖက်လုပ်ရပ်များမှာ မနှစ်မြို့စရာပင် ဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နေအိမ်၌ စျေးရောင်းလျက်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ဇနီးဖြစ်သူတို့ကို လက်သည်မပေါ် သေးသော်လည်း AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွှယ်သူများဟု ယူဆရသူများက ဓားဖြင့် ရက်ရက်စက်စက် ဝင်ရောက်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ဒုတိယရဲအုပ်နှင့် ၎င်း၏ဇနီးတို့သည် စျေးဝယ်သွားစဉ် လူမြင်ကွင်း၌ လူခြောက်ဦးခန့်က တုတ်၊ ဓားများဖြင့် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်သဖြင့် ဒုရဲအုပ်မှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်နှောင့်ယှက်မှုများ ရက်ရက်စက်စက် သတ်ဖြတ်မှုများသည် စက်ဆုပ်ဖွယ်ကောင်းသော အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်အကြား ပဋိပက္ခအတွင်း အဓိပ္ပာယ်မရှိသော လုပ်ရပ်များ ဖြစ်သည်ဟု လူအများကြား ဝေဖန်သုံးသပ်နေကြသည်။ အများပြည်သူ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်ကို ထိခိုက်စေပြီး နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်အသုံးအဆောင် ပစ္စည်းများ ဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုများအတွက် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့များ၏ လုပ်ရပ်အပေါ် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားလျက်ရှိသည်။ လက်နက်ကိုင် အဖွဲ့များအနေဖြင့် ယင်းကဲ့သို့ အပြစ်မဲ့ ပြည်သူများ ထိခိုက်စေနိုင်သော Soft Target များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများကို ခြွင်းချက်မရှိ ရပ်တန့်နိုင်မှသာလျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းမှတစ်ဆင့် နိုင်ငံရေးနည်းဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်နိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက အာဆာအဖွဲ့ကဲ့သို့ပင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပါ သတ်မှတ်ချက်များအတိုင်း အရေးယူမှုနှင့် အများပြည်သူ၏ ပြစ်တင်ရှုတ်ချမှုကိုသာ ခံရမည် ဖြစ်ပေလိမ့်မည်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် TNLA မှ ဗိုလ်ချုပ်တာဖုန်းကျော်က ယင်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဂျပန်တွေ ဝင်လာမရအောင် အင်္ဂလိပ်တွေက တံတားများ ဖျက်လိုက်သည့် ဒုတိယကမ္ဘာစစ် အတွင်းက သဘောတရားအရ စစ်တပ်က စစ်ကူမလာနိုင်အောင် စစ်ရေးလိုအပ်ချက်အရ လုပ်ရသည်ဟု ပြောဆိုခဲ့ခြင်းမှာ အံ့အားသင့်စရာပင် ဖြစ်သည်။ လက်ရှိအခြေအနေသည် လက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့်ပုံစံ မဟုတ်ဘဲ အရပ်သားပစ်မှတ် Soft Target များအပေါ် တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ပြည်သူများအပေါ် တိုက်ရိုက်သက်ရောက်စေသည့် ခြိမ်းခြောက်မီးရှို့ တိုက်ခိုက်မှုများသည် တည်ငြိမ်မှုကို ပျက်စီးအောင် လုပ်သကဲ့သို့ပင် ဖြစ်နေသည်။ ထိုကဲ့သို့ လက်သင့်ခံနိုင်ဖွယ် မရှိသော အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက မြောက်ပိုင်းမဟာမိတ် အဖွဲ့များ အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်နိုင်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင် စစ်ပွဲများ ပျံ့နှံ့လာနိုင်မှုနှင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိမှုအပေါ် ပြည်သူများကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် မန္တလေး-လားရှိုး-မူဆယ် ပင်မလမ်းပေါ် သွားလာမှုများ ရပ်တန့်စေသဖြင့် ကုန်သွယ်စီးဆင်းမှု အနှောင့်အယှက်ဖြစ်ကာ ဒေသခံ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ခဲ့ကြရသည်။ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းမှာ ပြည်သူလူထု၏ ဘေးကင်းလုံခြုံမှုကို ဆိုးရွားစွာ ထိခိုက်စေသောကြောင့် အလွန်စိုးရိမ်ပူပန်စရာ ဖြစ်ကြောင်းလည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ အကြမ်းဖက် လုပ်ရပ်များနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်က သဘောထား ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများ ပြေလျော့နိုင်စေရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ် ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် အစိုးရနှင့် တပ်မတော်တို့က ကြိုးပမ်းလုပ်ဆောင် ပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။
စက်တင်ဘာ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်









