မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ်အစီရင်ခံစာနှင့် သုံးသပ်ချက်များကိုပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ်အစီရင်ခံစာနှင့် သုံးသပ်ချက်များကိုပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနယ်စပ်အနီးတွင် ဆောက်လုပ်ထာသည့် ဘင်္ဂါလီစခန်းများကို တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနယ်စပ်အနီးတွင် ဆောက်လုပ်ထာသည့် ဘင်္ဂါလီစခန်းများကို တွေ့ရစဉ်
Published 6 August 2019

မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ်အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission - FFM) စတင်ဖွဲ့ စည်းစဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း၊ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်း၊ လူ့အခွင့်အရေးကိစ္စအပါအဝင် နိုင်ငံတကာ အရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံ၍သာ ဆောင်ရွက်သင့်သည်ဟူသော ရပ်တည်ချက်ကို မြန်မာနိုင်ငံက ခိုင်မာစွာဆုပ်ကိုင်ထားကြောင်းနှင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန်လိုအပ်သော စိန်ခေါ်မှုများကို စီးပွားရေးပိတ်ဆို့အရေးယူမှုများဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မယုံကြည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်လာလျှင် တာဝန်ယူ၊ တာဝန်ခံမှုများရှိရမည်ဆိုသည်မှာ မြန်မာနိုင်ငံ၏မူအရ ရပ်တည်ချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ဖွဲ့စည်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် ထိုသို့ ပြည်တွင်း၌ ဖွဲ့စည်းဆောင်ရွက်ထားသည့် ယန္တရားများ ပြီးပြတ်ပြည့်စုံအောင် ဆောင်ရွက်စေခြင်းမပြုဘဲ အခြားယန္တရားများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို မိမိတို့ ဆန့်ကျင်ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ လူ့အခွင့်အရေးကောင်စီအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ယင်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အချက်အလက်ရှာဖွေရေး မစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏အစီအရင်ခံစာကိုသော်လည်းကောင်း မိမိတို့အသိအမှတ်ပြု လက်ခံမည်မဟုတ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသားပယ်ချကြောင်း၊ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်သတ်မှတ်ကြောင်းနှင့် ထိုကဲ့သို့သော ဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ်တွင် လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် နောက်ဆုံအပိုဒ်တွင် ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှုမြှင့် တင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတဖြစ်ရေးကို တည်ဆောက်ပေးခြင်း၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံစိတ်ချ၊ သာယာဝပြောသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့သည်သာ မိမိတို့၏ လတ်တလောဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

သြဂုတ် ၅ ရက်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ထုတ်ပြန်ရာတွင် မက်စ် မြန်မာအုပ်စုနှင့် ကမ္ဘောဇအုပ်စုအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အစရှိသည့် ကုမ္ပဏီများလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

မက်မြန်မာအုပ်စုနှင့် ကမ္ဘောဇအုပ်စုတို့မှာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ငွေကြေးထောက်ပံ့ခဲ့ကြောင်း၊ ယင်းသို့ ခြံစည်းရိုးကာရံထားခြင်းဖြင့် အိုးအိမ်မဲ့ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) များအား ၎င်းတို့၏ နေအိမ်နှင့် ဇာတိမြေထံသို့ ပြန်မလာနိုင်စေရန် တားဆီးခြင်းမှတစ်ဆင့် ၎င်းတို့အား ပူပန်သောကနှင့် စိတ်ဆင်းရဲမှုများ ဆက်လက်ခံစားရစေရန် ပံ့ပိုးခဲ့ရာရောက်သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က စွပ်စွဲထုတ်ပြန်ထားသည်။

ကမ္ဘောဇအုပ်စုက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ (UEHRD) သို့ ဒေါ်လာ ၂ ဒသမ ၂ မီလျံကို လှူဒါန်းပြီး၊ ကာကွယ်ရေးဦးစီးချုပ် (တပ်မတော်) ကို ဒေါ်လာ ၂ ဒသမ ၄ မီလျံကျော်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်နှင့် ၁၀ ရက် တို့တွင် လှူဒါန်းခဲ့ကြောင်း၊ Max Myanmar အုပ်စုကလည်း ဒေါ်လာ ၆၅၄၀၀၀ ကို UEHRD သို့ ခြံစည်းရိုးအတွက် လှူဒါန်းခဲ့ပြီး၊ ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (တပ်မတော်) ကို ဒေါ်လာ ၉၇၆၈၅၇ ကို လှူဒါန်းခဲ့ကြောင်း၊ အစိုးရနှင့် တပ်မတော်ထံ လှူဒါန်းသည့် အဆိုပါ လှူဒါန်းငွေများမှာ ခြံစည်းရိုးကာရံခြင်း၊ ဒုက္ခသည်များ ပြန်လည်လက်ခံခြင်းအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စများတွင် အသုံးပြုရန်ဖြစ်ကြောင်း ဖော်ပြထားသည်။  

အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က စက်တင်ဘာလ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်သွင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင်တွင် ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား နိုင်ငံသားရှေ့နေချုပ်ဟောင်း မာဇူကီး ဒါရူစမန်းဖြစ်ပြီး အဖွဲ့ဝင်နှစ်ဦးမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဆိုင်ရာ အထူးကိုယ် စားလှယ်ဟောင်း ရဒီကာကူမရာဆွာမိ နှင့် သြစတြေးလျနိုင်ငံသား လူ့အခွင့်အရေးမင်းကြီးဟောင်း ခရစ္စတိုဖာစီဒိုတီတို့ ပါဝင်သည်။

Most Read

Most Recent