၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံအုတ်မြစ်ကို မချမှတ်ထားနိုင်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အချိန်မရွေး အပြောင်းအလဲ ဖြစ်နိုင်သည့် အလားအလာမျိုး ရှိနေကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့၏ စာတမ်းတစ်စောင်တွင် ဖော်ပြ

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံအုတ်မြစ်ကို မချမှတ်ထားနိုင်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အချိန်မရွေး အပြောင်းအလဲ ဖြစ်နိုင်သည့် အလားအလာမျိုး ရှိနေကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့၏ စာတမ်းတစ်စောင်တွင် ဖော်ပြ
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ဇူလိုင် ၁၆ ရက်က ကျင်းပစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ဇူလိုင် ၁၆ ရက်က ကျင်းပစဉ်
Published 6 August 2019

၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံအုတ်မြစ်ကို ခိုင်မာစွာ ချမှတ်ထားနိုင်ပါက ပြဿနာမရှိသော်လည်း ခိုင်မာသည့် လုပ်ငန်းစဉ်များ၊ လမ်းညွှန်မြေပုံများ၊ အုတ်မြစ်များကို မချမှတ်ထားနိုင်ပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အချိန်မရွေး အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာမျိုး ရှိနေကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့၏ စာတမ်းတစ်စောင်တွင် ဖော်ပြသည်။

တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၏ လုံခြုံရေးစနစ်ကို တည်ဆောက်ခြင်း” ဟူသော စာတမ်းငယ် တစ်စောင်ကို ဇူလိုင်လကုန်ပိုင်းတွင် ရေးသားထုတ်ဝေခဲ့ပြီး အဆိုပါ စာတမ်းတွင် အထက်ပါအတိုင်း ရေးသားထားခြင်းဖြစ်ကာ အဆိုပါ အချက်သည် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်၏ မသေချာမှုတစ်ခု ဖြစ်ကြောင်းလည်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က သုံးသပ်ခဲ့သည်။

၂၀၂၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲကာလအတွင်း အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများကို ပိုမိုအာရုံစိုက်လာကြမည်ဖြစ်ပြီး ထို့ကြောင့်ပင် နဂိုကတည်းက တုန့်ဆိုင်းနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည် အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အသိုက်အဝန်း၏ အာရုံစူးစိုက်မှု လျော့နည်းလာပါက လုံးဝရပ်ဆိုင်း သွားနိုင်သည့် အလားအလာမျိုး ဖြစ်သွားနိုင်ကြောင်း အဆိုပါ စာတမ်းတွင် ဖော်ပြသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် လုံးဝရပ်ဆိုင်းသွားပါက တစ်ဖက်တွင် တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကို အပြီးမသတ်နိုင်သေးပါကလည်း အနိမ့်ဆုံးအားဖြင့် ခိုင်မာသော လုပ်ငန်းစဉ်များ၊ ခိုင်မာသော လမ်းညွှန်မြေပုံများနှင့် ခိုင်မာသော အုတ်မြစ်များကို ချမှတ်ထားရန် လိုအပ်ကြောင်း တကောင်းနိုင်ငံရေး လေ့လာမှု အဖွဲ့က သုံးသပ်ထားသည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ရှေ့သို့ဆက်လက်ချီတက်ရန် ခက်ခဲနေပြီး တုန့်ဆိုင်းလျက်ရှိနေကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးမှုများမှာ ရှေ့ဆက်မတိုးနိုင်သကဲ့သို့ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် ဆွေးနွေးမှုများမှာလည်း ထင်သာမြင်သာရှိသော တိုးတက်မှုများကို မတွေ့ရှိရသေးကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကာလတိုအတွင်း အပြီးသတ် အောင်မြင်သွားရန် အလားအလာ အလွန်နည်းပါးနေပြီး ၂၀၂၀ ကျော်လွန်သည့် ကာလအထိပင် ဆက်လက် ချီတက်ရမည့် အနေအထားမျိုးတွင် ရှိနေကြောင်း၊ သို့သော်လည်း ၂၀၂၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်သည့်အတွက် အဆိုပါ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က သုံးသပ်သည်။

အထူးသဖြင့် လက်ရှိအချိန်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံး တုန့်ဆိုင်းနေသဖြင့် ၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် အာဏာရလာမည့် အစိုးရအနေဖြင့် လက်ရှိပုံစံအတိုင်းပင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်လား သို့မဟုတ် ပုံစံအသစ်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်လား ဆိုသည်မှာ စဉ်းစားစရာဖြစ်လာကြောင်း အဆိုပါ စာတမ်းငယ်တွင် ဖော်ပြထားသည်။

လက်ရှိအာဏာရနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အာဏာဆက်လက် ရရှိခဲ့ပါကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်၏ လက်ရှိအနေအထားအရ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ပြန်လည်သုံးသပ် စဉ်းစားမှုများနှင့် လုပ်ငန်းစဉ် အပြောင်းအလဲများ ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က သုံးသပ်ခဲ့သည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးပါကလည်း အနာဂတ်ကာလတွင် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများ၌ မည်သည့် အကြောင်းအရာများကို အဆင့်လိုက် မည်သို့ဆွေးနွေးမည်ဆိုသည့် လမ်းညွှန်မြေပုံတစ်ခုကို ဆွေးနွေးသဘောတူညီမှု ရရှိရန် ကြိုးစားသင့်ကြောင်း၊ ထိုသို့ဆွေးနွေးကြရာတွင်လည်း လုံခြုံရေးနှင့် ပတ်သက်သည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အဓိက ဆွေးနွေးဖက်များ အကြားတွင် သဘောတူညီမှုရရှိအောင် ကြိုးစားသင့်ကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က အကြံပြုသည်။

ထို့အတူ လုံခြုံရေးကဏ္ဍ၌ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင်လည်း တပ်ဖွဲ့ချင်း ပြန်လည်ပေါင်းစည်းရေးထက် အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၏ လုံခြုံရေးစနစ် တည်ဆောက်ရေး ကိစ္စကို အဓိကဆွေးနွေးသင့်ကြောင်း၊ အဆိုပါလုံခြုံရေးစနစ် တည်ဆောက်ရေးကို ဆွေးနွေးရာတွင်လည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု လုံခြုံရေးစနစ်၏ အခြေခံမူများကို ဆွေးနွေးညှိနှိုင်း သဘောတူသွားရန် လိုအပ်ကြောင်း တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့က ယင်းစာတမ်းတွင် အကြံပြုခဲ့သည်။

Most Read

Most Recent