ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ပြင်ဆင်အကြံပြုချက်များသည် စာအုပ်တစ်အုပ်လုံး အသစ်ရေးဆွဲသကဲ့သို့ဖြစ်နေ၍ ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး ကော်မရှင်ဖွဲ့စည်းသင့်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးစိုးသိန်း ဆွေးနွေး

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ပြင်ဆင်အကြံပြုချက်များသည် စာအုပ်တစ်အုပ်လုံး အသစ်ရေးဆွဲသကဲ့သို့ဖြစ်နေ၍ ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး ကော်မရှင်ဖွဲ့စည်းသင့်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးစိုးသိန်း ဆွေးနွေး
Published 1 August 2019
စိုးမင်းထိုက်၊ စည်သူ

 

ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ ပြင်ဆင်အကြံပြုချက်များသည် စာအုပ်တစ်အုပ်လုံး အသစ်ရေးဆွဲသကဲ့သို့ဖြစ်နေ၍ တိုင်းရင်းသား ၁၃၅ မျိုး၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့် EAO များမှ ကိုယ်စားလှယ်များပါဝင်ပြီး ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး ကော်မရှင်ဖွဲ့စည်းသင့်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးစိုးသိန်းက ဆွေးနွေးခဲ့သည်။

သြဂုတ် ၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ဆွေးနွေးစဉ်ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက “ကျွန်တော့်အနေနဲ့ အကြံပြုလိုတာက စာအုပ်တစ်အုပ်လုံး အသစ်ရေးဆွဲသလို တွေ့ရတဲ့အတွက်ကြောင့် ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးကော်မရှင်တစ်ရပ်ကို တင်ပြပါအတိုင်း ဖွဲ့စည်းသင့်ပါတယ်။ အထူးသဖြင့်တော့ တိုင်းရင်းသား ၁၃၅ မျိုးက ကိုယ်စားလှယ်တွေ ပါရသလို၊ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ EAO အဖွဲ့တွေလည်းပါရင် ပိုပြီးသင့်တော်မယ်” ဟု ဆွေးနွေးခဲ့သည်။

၄၅ ဦးပါ ပူးပေါင်းကော်မတီမှ ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရန် တင်ပြထားသည့် ၃၇၆၅ ချက်အား မည်ကဲ့သို့သော မူ၊ မည်ကဲ့သို့သော Criteria နှင့်ရွေးချယ်မည်ကို မဲခွဲအနိုင်ယူ၍ မဖြစ်ကြောင်း၊ ပြင်သင့်သည်မှန်သော်လည်း လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နိုင်သည်များကို ညှိနှိုင်းလုပ်ပါက ပိုအဆင်ပြေမည်ဟုယူဆကြောင်း၊  မလုပ်တတ်ပါက ဒီမိုကရေစီကျကွဲတတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဆွေးနွေးခဲ့သည်။

“အခန်း(၇)က ကာကွယ်ရေးအင်အား ကန့်သတ်ဖို့ တိုင်းပြည်ရဲ့ ပထဝီအနေအထားအရ မဖြစ်နိုင်သေးဘူး။ အင်အားကြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ ၀ိုင်းပတ်နေတဲ့ အခြေအနေကို လျစ်လျူရှုလို့မရဘူး။ ထို့အတူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ အကောင်အထည်ဖော်နိုင်ခြင်းနဲ့ ဆက်စပ်နေတယ်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပုဒ်မပေါင်း ၄၅၇၊ ပုဒ်မခွဲ ၂၅၅၊ ပုဒ်မခွဲငယ် ၇၃၆ ဖြစ်ပြီးတော့ ယခုကော်မတီက အချက် ၃၇၆၅ ချက်ကို အကြံပြုထားတယ်။ ပါတီတစ်ခုက ၁၄၁ ချက်တင်ပြပြီး ၄၁ ချက်ကို ဖျက်ထားတယ်။ လွှတ်တော်တစ်ရပ်လုံးသာ အကြံပြုခွင့်ရရင် အချက်ပေါင်း သောင်းဂဏန်းထိ ရှိမယ်။ ပြည်သူတွေရဲ့ အကြံပြုချက်တောင်းခံရင် ပိုလာမယ်။ ဒီ ၃၇၆၅ ချက်ကိုလည်း ပြည်သူတွေ သဲသဲကွဲကွဲသိအောင် ချပြရမယ်” ဟုတစ်သီး ပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဆွေးနွေးခဲ့သည်။

ထို့ပြင် ပုဒ်မ ၅၉(စ)တွင် နိုင်ငံသားတိုင်းရင်းသားစစ်စစ်ကို သမ္မတ၊ နိုင်ငံတော်အကြီး အကဲဖြစ်ခွင့်ပေးရမည်ဖြစ်ကြောင်း၊ Open to All လုပ်ရမည့်အဆင့်မဟုတ်ကြောင်း၊ နိုင်ငံတော်တော်များများတွင် ကန့်သတ်ချက်များရှိကြောင်း၊ အဓိက မမေ့သင့်သည်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းညွှန်ချက်ဖြစ်ကြောင်း၊ ထို့အတွက် လုံးဝမပြင်သင့်ကြောင်း ဦးစိုးသိန်းက ဆွေးနွေးခဲ့သည်။

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူအကြား ချုပ်ဆိုထားတဲ့ ပဋိညာဉ်စာချုပ်ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အသက်တစ်မျှ အရေးကြီးဆုံးဖြစ်တယ်လို့ ဦးသန့်က ပြောခဲ့ပါတယ်။ ဒါကြောင့် ပြင်ဆင်မယ်၊ ပယ်ဖျက်မယ်၊ ဖြည့်စွက်မယ်ဆိုရင် လေးလေးနက်နက်၊ ကျယ်ကျယ်ပြန့်ပြန့်၊ ချင့်ချင့်ချိန်ချိန်၊ စဉ်းစဉ်းစားစား၊ ညှိညှိနှိုင်းနှိုင်း အချိန်ယူဆောင်ရွက်ဖို့ လိုပါတယ်။ တက်လာတဲ့အစိုးရတိုင်း၊ လွှတ်တော်တိုင်း ပြင်ဆင်နေကြမယ်ဆိုရင် နိုင်ငံတော်ဟာ ဟိုလိုလို၊ ဒီလိုလိုနဲ့ ချာလည်ရမ်းနေပါလိမ့်မယ်။ အထူးသဖြင့် Emotional Sences နဲ့ အခြေမခံသင့်သလို၊ လူမျိုးစွဲ၊ ပါတီစွဲ အစွန်းမရောက်ဖို့ သတိပြုသင့်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

အများပါဝင်နိုင်အောင်ဆိုသည့် စကားလုံးသုံးပြီး ၄၅ ဦးကော်မတီဖွဲ့ကာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ခြင်းသည် ဥပဒေပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဝေဖန်ပြောကြားခဲ့သည်။

“ဒါကြောင့် ဒီဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်နဲ့ ဒီလုပ်ဆောင်ချက်က ထွက်ရှိလာတဲ့ အစီရင်ခံစာကို ကျွန်တော်တို့ အတည်ပြုလို့မရပါဘူး။ ပြင်းထန်စွာ ကန့်ကွက်ပါတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ အချက်ပေါင်း ၃၇၆၅ ချက်ကို ကျိုးကြောင်း ဖော်ပြချက်နှင့်တကွ ပြည်သူများကို ချပြဖြန့်ဝေပေးစေချင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent