မြန်မာအစိုးရ၏ ဒီမိုကရေစီတိုင်းပြည် ထူထောင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ဂျပန်အနေဖြင့် စီးပွားရေးနှင့် ပြည်သူများ၏ နေထိုင်မှုကဏ္ဍ အပါအဝင် ဘက်ပေါင်းစုံက ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

မြန်မာအစိုးရ၏ ဒီမိုကရေစီတိုင်းပြည် ထူထောင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ဂျပန်အနေဖြင့် စီးပွားရေးနှင့် ပြည်သူများ၏ နေထိုင်မှုကဏ္ဍ အပါအဝင် ဘက်ပေါင်းစုံက ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဇူလိုင် ၃၁ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
ဇူလိုင် ၃၁ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
Published 1 August 2019
အောင်မင်းသိန်း

မြန်မာအစိုးရ၏ ဒီမိုကရေစီတိုင်းပြည် ထူထောင်ရေး ဆက်လက်၍ ဆောင်ရွက်သွားရန် ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးကဏ္ဍနှင့် ပြည်သူများ၏ နေထိုင်မှုကဏ္ဍ အပါအဝင် ဘက်ပေါင်းစုံက ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်ရေးကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ အဲဒါကို ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးအပိုင်း၊ ပြည်သူလူထုရဲ့ နေထိုင်မှုအပိုင်း အပါအဝင် ဘက်ပေါင်းစုံကနေ ကူညီထောက်ပံ့သွားမယ် ဆိုတာကို ထပ်မံပြီးတော့ အတည်ပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရကရော မြန်မာပြည်သူ ပြည်သားရော ခက်ခဲတဲ့ စိန်ခေါ်မှုကို ကြုံတွေ့နေတဲ့အချိန်ဖြစ်တဲ့ အတွက်ကြောင့်မလို့ သမိုင်းဝင်မိတ်ဆွေ နိုင်ငံနှစ်နိုင်ငံအတူ စဉ်းစားသုံးသပ်ပြီးတော့ ကူညီထောက်ပံ့သွားမယ့် အခြေအနေဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်အတွက် နိုင်ငံ၏ ငြိမ်ချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုသည် မဖြစ်မနေ လိုအပ်သည် ဆိုသည်ကို ပြောစရာ မလိုတော့ကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အစိုးရကိုယ်စားလှယ်နှင့်အတူ စိတ်နှစ်၍ တတ်နိုင်သမျှ အားပေးတိုက်တွန်း သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ဒါ့အပြင် ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီးလည်း အကျိုးကျေးဇူးရှိတဲ့ အမြင်ချင်း ဖလှယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ အခြေအနေဖန်တီးမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တာကို တန်ဖိုးထားပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အပါအဝင် သက်ဆိုင်တဲ့ ဆောင်ရွက်ချက်တွေကို ပိုပြီးတော့ မြှင့်တင်ပြီးတော့ အဲဒီကနေတစ်ဆင့် ဒုက္ခသည်များ တကယ့်ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

ဂျပန်နိုင်ငံကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီနေသည့် မိတ်ဆွေတစ်ယောက်အနေဖြင့် တန်ဖိုးထားကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ကူညီခဲ့သည်ကို မိမိတို့အားလုံး အသိပင်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစိုက်မတ်မတ် ဝင်ရောက်ဆောင်ရွက်ခဲ့ခြင်းကို အသိအမှတ်ပြုပြီး နောင်တွင်လည်း ဆက်လက်၍ ကူညီမည် ဆိုခြင်းကိုလည်း ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တစ်ကမ္ဘာလုံးက အာရုံစူးစိုက်နေတဲ့ ကျွန်မတို့ နိုင်ငံရဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း ဂျပန်နိုင်ငံဟာ တကယ်ပဲ မိတ်ဆွေ တစ်ယောက်အနေနဲ့ ကူညီပြီးတော့ ဖြေရှင်းပေးချင်တယ် ဆိုတာလည်း ကျွန်မတို့ ယုံကြည်ပါတယ်။ အဓိကအားဖြင့် ဒုက္ခသည်များနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ သို့သော်ငြားလည်း ဘေးကနေပြီးတော့ မိတ်ဆွေများက စေတနာနဲ့ ပြေလည်အောင် လုပ်ပေးချင်တဲ့ ဆန္ဒကိုလည်း ကျွန်မတို့ အလေးထားပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးလမ်းကြောင်း ကျွန်မတို့ရဲ့ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်း ဆိုတာဟာ ကျွန်မတို့နိုင်ငံ အတွင်းမှာရှိတဲ့ အားလုံးမည်သူမဆို လုံခြုံရေးအတွက် လုံခြုံဖို့အတွက် ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံကို မှီတင်းနေတဲ့သူတွေအားလုံး လုံခြုံဖို့အတွက် တည်ငြိမ်ဖို့အတွက် တိုးတက်ဖို့အတွက် ဖွံ့ဖြိုးရေးအတွက်ဆိုတာ ကျွန်မတို့ရဲ့ ပန်းတိုင်ပဲဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့အတွက်ဆိုရင် ကျွန်မတို့ဟာ လူမှုရေး၊ စီးပွားရေး နိုင်ငံရေး အဘက်ဘက်ကနေပြီးတော့ ကြိုးပမ်းနေရပါတယ်။ ကြိုးပမ်းနေတဲ့ လုပ်ရပ်တွေမှာ ပါဝင်ပြီးတော့ ကူညီနေတဲ့ ဂျပန်မိတ်ဆွေတွေကိုလည်း အားလုံး ကျွန်မကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် မလွယ်ကူသည့် ကာလကို ဖြတ်ကျော်နေရသည့် အချိန်တွင် ကိုယ်တိုင်ခက်ခဲသည့် ကာလကို ဖြတ်ကျော်ခဲ့သည့် ဂျပန်နိုင်ငံသူ၊ နိုင်ငံသားများ အနေဖြင့် မိမိတို့အပေါ်စာနာမှု၊ နားလည်မှုရှိမည် ဆိုသည်ကိုလည်း မိမိတို့အနေဖြင့် ယုံကြည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 

Most Read

Most Recent