ပညာရေးကဏ္ဍတွင် နှစ်ပေါင်းများစွာ မရင်းနှီး၊ မမြှုပ်နှံခဲ့၍ ခေတ်နောက်ကျ ကျန်ခဲ့ပြီး လိုအပ်ချက် များပြားနေဟု ပြည်ထောင်စုဝန်ကြီး လွှတ်တော်၌ ပြောကြား

ပညာရေးကဏ္ဍတွင် နှစ်ပေါင်းများစွာ မရင်းနှီး၊ မမြှုပ်နှံခဲ့၍ ခေတ်နောက်ကျ ကျန်ခဲ့ပြီး လိုအပ်ချက် များပြားနေဟု ပြည်ထောင်စုဝန်ကြီး လွှတ်တော်၌ ပြောကြား
Published 1 August 2019
စိုးမင်းထိုက်

ပညာရေးကဏ္ဍတွင် နှစ်ပေါင်းများစွာ မရင်းနှီး၊ မမြှုပ်နှံခဲ့၍ ခေတ်နောက်ကျကျန်နေခဲ့ကာ လိုအပ်ချက် အင်မတန် များပြားနေဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်၌ ပြောကြားခဲ့သည်။

ဇူလိုင် ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမျိုးဝင်းက မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများ၌ လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များကို တင်ပြတောင်းခံရာတွင် တွက်ချက်မှုများကို ပညာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတွက် တစ်ပြေးညီမူဝါဒတစ်ခု ချမှတ်လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုအား ပြန်လည်ဖြေကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “တစ်နိုင်ငံလုံးမှာ ၂၀၁၈-၁၉ ပညာသင်နှစ် တွက်ချက်ထားမှုအရ အနည်းဆုံး ကျောင်းဆောင် ၄၅၀၀၀ လောက်လိုပါတယ်။ သို့သော် ယခုဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ပညာရေး ဝန်ကြီးဌာနမှာ အခြေခံပညာကျောင်းဆောင်ပေါင်း ၄၇၉၉ ဆောင်ရတယ် ဆိုတာသည် အများဆုံး ရရှိတဲ့ အရေအတွက် ဖြစ်တဲ့အတွက် လိုနေတာ ၄၅၀၀၀ လောက် လိုနေတယ်။ အများဆုံးတတ်နိုင်တဲ့ အရေအတွက်သည် ၄၇၀၀ ဖြစ်တဲ့အတွက် နှစ်စဉ်ဒီလောက်ပဲ ရမယ်ဆိုရင် ၁၀ နှစ် ကျော်လောက်ကြာမှာ ဖြစ်ပါတယ်။ ဒါတွေကို လုံလောက်ဖို့လို့အတွက် ဆိုတာသည် ခက်ခဲပါတယ်။ ပညာရေးမှာတော့ နှစ်ပေါင်းများစွာ မရင်းနှီး မမြှုပ်နှံခဲ့တဲ့အတွက် ခေတ်နောက်ကျ ကျန်နေခဲ့တာ ဖြစ်တဲ့အတွက် လိုအပ်ချက် အင်မတန် များပြားပါတယ်။ မပြည့်စုံမှု အင်မတန် များပြားပါတယ်။ အခက်အခဲ အင်မတန် များပြားပါတယ်” ဟု ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများ၊ ရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာကြည့်တိုက်များ၊ သိပ္ပံဆောင်များ၊ ကျောင်းခြံစည်းရိုးနှင့် သန့်စင်ခန်းများအတွက် Detail Drawing များ ရေးဆွဲပြုစုထားပြီး နှစ်စဉ်အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဒေသအခြေအနေအရ ပုံစံပြောင်းလဲ ဆောက်လုပ်ရန် လိုအပ်ပါကလည်း ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ငွေကြေးအကုန်အကျခံပြီး Detail Drawing များ ရေးဆွဲတင်ပြစရာ မလိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာတစ်နိုင်ငံလုံးအတွက် စာသင်ကျောင်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီး လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ်အား ရေးဆွဲပြုစုထားပြီး ၎င်းလမ်း ညွှန်စာအုပ်ပါ အချက်များနှင့်အညီ ရရှိသော ဘဏ္ဍာငွေပေါ် မူတည်၍ အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

 

Most Read

Most Recent