လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော်လည်း ကော်မရှင်က ပြန်လည်ပယ်ဖျက်ခဲ့သည့် စီရင်ချက်ကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ သိရှိစေရန် စာအုပ်အဖြစ် ထုတ်ဝေမည်ဟု UEC ပြောရေးဆိုခွင့်ရှိသူ ပြောကြား

လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော်လည်း ကော်မရှင်က ပြန်လည်ပယ်ဖျက်ခဲ့သည့် စီရင်ချက်ကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ သိရှိစေရန် စာအုပ်အဖြစ် ထုတ်ဝေမည်ဟု UEC ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 13 June 2019
အောင်မင်းသိန်း

ဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော်လည်း ကော်မရှင်က ပြန်လည ပယ်ဖျက်ခဲ့သည့် စီရင်ချက်ကို လွှတ်တော် ကိုယ်စားလှယ်လောင်းများ သိရှိစေရန်အတွက် စာအုပ်အဖြစ် ထုတ်ဝေမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ်(၂) ၌ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်၏ ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှု အချို့သည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု ဆိုကာ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်အား အနိုင်ရ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က မေ  ၃၀ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီစီရင်ချက်ကလေးကို စာအုပ်လေးချုပ်ပြီးတော့ ဆိပ်ကမ်းမြို့နယ် ရွေးကောက်ပွဲ ကိုယ်စားလှယ်အမတ် ဘာကြောင့် ရွေးကောက် တင်မြှောက်ခံရပြီးတော့မှ ပယ်ဖျက်ခံရပါသလဲ ဆိုတာ အကုန်လုံးကို ဝေငှမှာ။ ဒီ စာအုပ်ကို ကျွန်တော်အယူခံပြီးရင် ကျွန်တော် ထုတ်မယ်။ သူက အယူခံ မတက်ခဲ့သော် ဒါမှမဟုတ် အယူခံပြီးရင် အဲဒါကို ထုတ်မှာပေါ့။ ဒါကို ကျွန်တော့်အနေနဲ့ အရင်ထုတ်မယ်။ နောက်ပိုင်း ကော်မရှင်ကလည်း ထုတ်ဖို့ ရှိနိုင်တာပေါ့။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ သိသင့်သိထိုက်တာတွေ အားလုံးက ဒီအမှုထဲမှာ အများကြီးပါပါတယ်။ လွှတ်တော်တွေရော အကုန်လုံး သိစေချင်တယ်”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

အငြင်းပွားမှု ဖြစ်ခဲ့သည့် ဆိပ်ကမ်း မဲဆန္ဒနယ်အမှတ် (၂) တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က တရားလိုပြုလုပ်၍ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သည့် ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးသည် နိုင်ငံပိုင်မြေပေါ်၌ တည်ဆောက်ထားခြင်း၊ ရွေးကောက်ပွဲ မတိုင်မီကာလတွင် ပြည်ခိုင်ဖြိုးက ငွေချေးလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်း၊ ဘာသာရေးကို အခြေခံ၍ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက်ခြင်း စသည့်အချက်များကို အခြေခံ၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၆ အရ ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ဆိပ်ကမ်းစီရင်ချက်။ အခု ဆိပ်ကမ်းမြို့နယ် စီရင်ချက်ဆိုလည်းပဲ သေချာဖတ်ပါ။ သေချာဖတ်ပြီးမှ ပြောပါ။ အဲဒီမှာ ဦးနေမျိုးအောင်ရော၊ သူ့ရဲ့ရွေးကောက်ပွဲ ကိုယ်စားလှယ်ကရော နှစ်ယောက်စလုံးက ပြောတယ်။ ကျွန်တော်တို့ ဥပဒေကို မလေ့လာခဲ့ပါဘူး။ ဘာမှမသိပါဘူး လို့ သူတို့ပဲ ရုံးရှေ့မှာ ထွက်တာ။ အဲဒီလို ငွေစာရင်းတွေ ရေးရမယ်ဆိုတာ မသိပါဘူး။ ဥပဒေတွေ မလေ့လာမိပါဘူးဆိုတာ သူတို့ ကိုယ်တိုင်ပြောတယ်။ ရွေးကောက်ပွဲ ဝင်မယ့်သူက ဥပဒေတွေ၊ နည်းဥပဒေ သိအောင် မြင်အောင် ဆိုပြီး ဒါတွေကို လမ်းညွှန်ပြီး ဆုံးဖြတ်ထားတာ” ဟု ပြောကြားသည်။            

Most Read

Most Recent