မိုးဦးကျ

မိုးဦးကျ
Published 8 July 2017

ဇွန် ၁ ရက်ကစပြီး မြန်မာပြည်ထဲကို မုတ်သုံစတင်ဝင်ရောက်လာပြီလို့ ဖတ်လိုက်ရပေမယ့် ကျွန်တော်တို့နေတဲ့ မြန်မာပြည်အလယ်ပိုင်းကိုတော့ မုတ်သုံက လက်ရှောင်နေပုံရပါတယ်။ မုတ်သုံဝင်ပြီး နှစ်ပတ်လောက် ကြာတဲ့အထိ မိုးတစ်ပေါက်မှ မကျသေးပါဘူး။

ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော်မှာလေ ဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး မုန်တိုင်းငယ် အားကောင်းလာချိန်မှာတော့ မိုးကအဆက်မပြတ် ရွာတော့တာပါပဲ။ ရွာလိုက်သမှ တစ်နေ့လုံးရွာ တစ်ညလုံးရွာ ပြတ်တယ်ကို မရှိတော့ပါဘူး။ နေ့စဉ်ရက်ဆက်ရွာတဲ့ မိုးကြောင့် အခုတော့ ဖုန်တထောင်းထောင်း ထနေတဲ့လမ်းတွေပေါ်မှာလည်း ရေတွေလွှမ်းသွားပါတယ်။ ရေမြောင်းတွေထဲမှာလည်း ရေတွေပြည့်လျှံလို့သာ နေပါတော့တယ်။ တစ်ရက်မပြတ်ရွာနေတဲ့မိုးကြောင့် အပြင်လည်းမထွက်ဖြစ်။ ဈေးလည်းမသွားဖြစ်နဲ့ အိမ်မှာဖြစ်သလို ချက်ပြုတ်စားသောက်နေလိုက်တာ တစ်ရက်ကနှစ်ရက် နှစ်ရက်က သုံးရက်ဖြစ်လာတော့ အိမ်ထဲမှာနေရတာကလည်း ညောင်းလာ။ စိုစိုဖတ်ဖတ်ကလေးလည်း စားချင်တာနဲ့ တစ်ရက်ဈေးထဲကို ရောက်သွားပြီး ဈေးတော်တာနဲ့ ငါးကလေးတွေ ဝယ်လာခဲ့တယ်။ အဲဒါ အိမ်ရောက်လို့ ဗိုက်ဖောက်လိုက်ကာမှ တစ်ကောင်ဖောက်လည်း ဗိုက်ထဲမှာဥတွေနဲ့။ နောက်တစ်ကောင်ဖောက်လည်း ဗိုက်ထဲမှာ ဥတွေချည်းတွေ့နေရတော့ ဆက်ပြီးကိုင်ရမှာတောင် လက်တွေတွန့်သွားမိတယ်။

Most Read

Most Recent