လီဗာပူးလ်အသင်းနှင့်ပွဲစဉ်တွင် ဒီဘရိုင်းနား ပါဝင်ကစားဖွယ်ရှိသည်ဟု ဂွါဒီယိုလာ ဖွင့်ဟ

လီဗာပူးလ်အသင်းနှင့်ပွဲစဉ်တွင် ဒီဘရိုင်းနား ပါဝင်ကစားဖွယ်ရှိသည်ဟု ဂွါဒီယိုလာ ဖွင့်ဟ
Published 6 October 2018

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လာမည့်တနင်္ဂနွေညတွင် ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ်အသင်းနှင့်ပွဲစဉ်တွင် ကွင်းလယ်လူ ဒီဘရိုင်းနား ပြန်လည်ပါဝင်လာဖွယ်ရှိသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ ဒီဘရိုင်းနားသည် ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ် (၆)ပတ်ခန့်အနားယူခဲ့ရပြီး ယခုအခါ အသင်းနှင့်အတူလေ့ကျင့်ခန်းများ ပြန်လည်ပြုလုပ်နေသူဖြစ်သည်။

ဒီဘရိုင်းနားအနေဖြင့် လေ့ကျင့်မှုများပြန်လည်ပြုလုပ်နေပြီဖြစ်သော်လည်း လာမည့် နိုဝင်ဘာ(၁၁)ရက်တွင်ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်မှသာ အသင်းအတွက် ပါဝင်ကစားနိုင်လိမ့်မည်ဟု ခန့်မှန်းသတင်းများထွက်ပေါ်ခဲ့သေးသည်။

ယခုအခါ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဒီဘရိုင်းနားအား ခန့်မှန်းထားသည်ထက် စောစီးစွာအသုံးပြုရန် စီစဉ်နေပြီး လာမည့် လီဗာပူးလ်အသင်းနှင့်ပွဲစဉ်တွင် ပါဝင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက '' မနက်ဖြန်ဆိုရင် အဲဒီပွဲမှာ သူပါနိုင်၊ မပါနိုင် သိရမှာပါ။ လေ့ကျင့်ခန်းအစီအစဉ်တွေအားလုံးကို သူပြုလုပ်နိုင်ခဲ့တယ်။ အသင်းနဲ့အတူ လေ့ကျင့်မှုတွေလည်း ပြုလုပ်နေပါတယ်။ အသင်းသားတွေအားလုံး OK ပေမယ့် ဂွန်ဒိုဂန်ကတော့ ဒီနေ့ လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်ခဲ့ပါဘူး'' ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုရာသီတွင် (၆)ပွဲနိုင်၊ (၁)ပွဲသရေ ကစားထားပြီး လီဗာပူးလ်အသင်းအား ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။ သို့ရာတွင် အန်ဖီးလ်ကွင်း၌ ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင်မူ နိုင်ပွဲ(၁)ပွဲသာ ရရှိခဲ့ဖူးရာ ဂွါဒီယိုလာက အသင်း၏အဓိကကစားသမားတစ်ဦးဖြစ်သူ ဒီဘရိုင်းနား ပါဝင်နိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။

Most Read

Most Recent