သိမ်းဆည်းခံခဲ့ရသည့် နိုင်လွန်စက်ရုံ မြေနေရာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် သက်ဆိုင်ရာဌာနများသို့ စာတင်ခဲ့သော်လည်း ထူးခြားမှု မရှိသောကြောင့် နာကူအသင်းဥက္ကဋ္ဌ ဦးကျော်သူ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်

သိမ်းဆည်းခံခဲ့ရသည့် နိုင်လွန်စက်ရုံ မြေနေရာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် သက်ဆိုင်ရာဌာနများသို့ စာတင်ခဲ့သော်လည်း ထူးခြားမှု မရှိသောကြောင့် နာကူအသင်းဥက္ကဋ္ဌ ဦးကျော်သူ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်
နိုင်လွန်စက်ရုံ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် ဦးကျော်သူအား တွေ့ရစဉ် (Photo: Kyaw Thu Facebook)
နိုင်လွန်စက်ရုံ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်နေသည့် ဦးကျော်သူအား တွေ့ရစဉ် (Photo: Kyaw Thu Facebook)
Published 5 October 2018
စည်သူ 

သိမ်းဆည်းခံခဲ့ရသည့် နိုင်လွန်စက်ရုံ မြေနေရာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် သက်ဆိုင်ရာဌာနများသို့ စာတင်ခဲ့သော်လည်း ထူးခြားမှု မရှိသောကြောင့် နာကူအသင်းဥက္ကဋ္ဌ ဦးကျော်သူက သက်ရှိထင်ရှား မူလပိုင်ရှင်ထံ ပြန်ပေးရန် အောက်တိုဘာ ၄ ရက်တွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ 

အိမ်နီးချင်းနိုင်ငံများက မှာယူနေရသည့် နိုင်လွန်ဇာကွက် ဒီဇိုင်းမျိုးစုံ ယက်လုပ်နေသော ခေတ်အကြိုက်နိုင်လွန်စက်ရုံသည် ပြည်သူပိုင် သိမ်းဆည်းခံရခြင်းဖြစ်ပြီး ပိုင်ရှင်များကိုပါ ဖမ်းဆီးထောင်ချခဲ့ကြောင်း ဦးကျော်သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားချက်အရ သိရသည်။ 

“အဖိုး၊ အဖေ၊ ဦးလေးတို့ကို မတရား ထောင်ချခံခဲ့ရ။ စစ်အစိုးရလက်ထဲ ရောက်ချိန်မှာ ကျွန်တော် အိမ်ထောင်ကျပြီးနောက် ဒီစက်ရုံဝင်းနဲ့ ကပ်လျက်မြေနေရာမှာ အိမ်ဆောက်နေထိုင်ရတော့ စက်ရုံကြီးကို အလွမ်းပြေ နေ့စဉ်ငေးမော ကြည့်ခဲ့ရ။ စစ်အစိုးရ အချိန်ကာလမှာ ပြည်သူပိုင်ပစ္စည်း စက်ရုံများ ပြန်လည်၍ ပိုင်ရှင်များကို ပေးအပ်နေပြီဆိုတော့ အဖေနဲ့ ဦးလေး၊ အဒေါ်တို့က ကျွန်တော့်ကို စက်မှုဝန်ကြီးထံသွားရန် တာဝန်ပေး၍ ဝန်ကြီး ဦးအောင်သောင်းထံ သွားတွေ့ခဲ့။ အခြားသူကို ပေးလိုက်ပြီဟု တာဝန်မဲ့စကားဖြင့်သာ နိဂုံးချုပ်ခဲ့ရ” ဟု ဦးကျော်သူက ရေးသားထားသည်။ 

ထို့ပြင် NLD အစိုးရတက်ချိန်တွင် သမ္မတကြီးက မတရား အသိမ်းပိုက်ခံမြေများ၊ စက်ရုံများကို တရားနည်းလမ်းကျကျ အမြန်ဆောင်ရွက်ပေးနေသည်ဟု သိရ၍ စက်ရုံမြေကိစ္စအတွက် စာတင်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အဖွဲ့နှင့် ဝန်ကြီးချုပ်အပြင် သက်ဆိုင်ရာဌာနများသို့ စာတင်ခဲ့သည်မှာ လေးကြိမ်မျှ ရှိခဲ့ကြောင်း ၎င်းက ပြောကြားထားသည်။ 

ဆက်လက်ပြီး စက်ရုံရှိ အဆောက်အအုံကြီးများ (ရုပ်ရှင်ရုံ နှစ်ရုံစာခန့် ကျယ်ဝင်းသော အဆောက်အအုံ) အား ဖြိုဖျက်နေပြီကို သိရှိရ၍ စည်ပင်မှတစ်ဆင့် တားမြစ်ခဲ့ရာ ခေတ္တရပ်နားသွားခဲ့ပြီး လက်ရှိအချိန်တွင် စည်ပင်က ထပ်မံသွားကြည့်ချိန်တွင် ကွင်းပြောင်ပြောင် အရိပ်အာဝါသ ကင်းမဲ့ပြီဖြစ်ကြောင်း ဦးကျော်သူက ရေးသားထားသည်။ 

ဦးကျော်သူ အနေဖြင့် အဆိုပါစက်ရုံ မြေနေရာရှေ့၌ “သက်ရှိထင်ရှား မူလပိုင်ရှင်ကို ပြန်ပေးပါ” ဆိုသော စာတမ်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့် တကွ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ထားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူထံသို့ Eleven Media Group မှ ဆက်သွယ်မေးမြန်းရန်အတွက် နာရေးကူညီမှုအသင်းထံ ဆက်သွယ်ရာ ၎င်းတို့ပေးသော ဖုန်းနံပါတ်အား အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ဘဲ ဆက်သွယ်ရချိန်တွင် ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်သည်။ 

 

Most Read

Most Recent