ပဲခူးမြို့အနီးတွင် Hiace မီနီဘတ်စ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

ပဲခူးမြို့အနီးတွင် Hiace မီနီဘတ်စ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး
Published 29 March 2018

ပဲခူးမြို့အနီးတွင် Hiace မီနီဘတ်စ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားစဉ်

ပဲခူးမြို့အနီး ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင် ၅၄/၅ နှင့် ၅၄/၆ အကြား ငါးပိပွဲရုံတန်းရှေ့တွင် မတ် ၂၇ ရက် ည ၁၀ နာရီခန့် Hiace မီနီဘတ်စ်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်စီးနင်းသူ အမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၇ ရက် ည ၁၀ နာရီ ခန့်က ပဲခူးမြို့၏ မြောက်ဘက်အနီးရန်ကုန် မန္တလေးလမ်းဟောင်း ၅၄ မိုင် ငါးဖာလုံနှင့် ခြောက်ဖာလုံအကြား ဇေယျာအောင်ငါးပိပွဲရုံရှေ့တွင် ဘုရားကြီးဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်းပြည့်ဖြိုးမောင် အသက် ၃၅ နှစ် (အဘဦးဝင်းလွင်) ဆံတော်ရပ်ကွက် ပြည်မြို့နေထိုင်သူ မောင်းနှင်လာသော ယာဉ်အမှတ် 9M/---- Hiace ယာဉ်နှင့် ပဲခူးဘက်မှ ဘုရားကြီးဘက်သို့ ယာဉ်မောင်း မောင်သူအောင် အသက် ၃၁ နှစ် (အဘ ဦးစံအောင်) ပဲခူးမြို့နယ် ပျဉ်ပုံကြီးကျေးရွာနေထိုင်သူ စီးနင်းမောင်းနှင်လာသော ယာဉ်အမှတ် ၃၃ယ/----- JLM အနက်ရောင် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြပြီး ဆိုင်ကယ်မောင်းသူ မောင်သူအောင်မှာ နဖူးကွဲဒဏ်ရာ၊ ရင်ဘတ်ပွန်းပဲ့ ဒဏ်ရာ၊ လည်ပင်း ယာဘက် စုတ်ပြဲဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

“ကျွန်တော်တို့ ရောက်သွားတော့ ည ၁၁ နာရီလောက်ရှိပြီ။ အလောင်းတော့ မရှိတော့ဘူး။ လူနာတင်ကားနဲ့ ပဲခူးဆေးရုံကြီးကို ပို့လိုက်တယ်။ တိုက်တဲ့ ကားကတော့ ပြည်မြို့ကကားပါ။ ဆိုင်ကယ်မောင်းသူက ဦးထုပ်လည်းဆောင်းထားတယ်။ ဒါပေမဲ့ မျက်နှာချင်းဆိုင် တိုက်မိကြတော့ ဆိုင်ကယ်သမား သေသွားတယ်။ ကားသမားတော့ မိတယ်။ ချုပ်ပြီးအမှုဖွင့်ထားတယ်” ဟု ပဲခူးမြို့မ ရဲစခန်းမှ ရဲအုပ်ရာဇာမင်းက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ရှေ့ ဂွေပြုတ်ထွက်၍ ရှေ့ခြမ်းတွန့်ကြေသွားပြီး မီနီဘတ်စ်ယာဉ်မှာ ရှေ့လေကာမှန် တွန့်ကြေပြီး ဝဲဘက်တံခါး ကြေမွသွားကြောင်း သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ပဲခူးမြို့မရဲစခန်းတွင် ယာဉ်များအား မဆင်မခြင် မောင်းနှင်ကြသော ဆိုင်ကယ်ယာဉ်မောင်းနှင့် မီနီဘတ်ယာဉ်မောင်းတို့အား မတ် ၂၇ ရက် ည ၁၂ နာရီခန့်တွင် ယာဉ် (ပ)၃၆/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားပြီး မီနီဘတ်စ်ယာဉ်မောင်း ပြည့်ဖြိုးမောင်အား ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

Most Read

Most Recent