လက်ရွေးစင်အသင်းကို ကစားသမားခုနစ်ဦး ပေးထားရသဖြင့် ယူ-၂၁ (က) အသင်း ကစားသမားသစ်အားဖြည့်

လက်ရွေးစင်အသင်းကို ကစားသမားခုနစ်ဦး ပေးထားရသဖြင့် ယူ-၂၁ (က) အသင်း ကစားသမားသစ်အားဖြည့်
Published 4 October 2018

မြန်မာ ယူ-၂၁ အသင်းနည်းပြချုပ် ဦး ကြည်လွင်သည် (က) အသင်းကို ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကစားသမား ခုနစ်ဦးမှာ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်းတွင် ရွေးချယ်ခံထားရသောကြောင့် ကစားသမားသစ်များ အားဖြည့်ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၂၁ (က) အသင်းကို ကစားသမား ၂၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး (ခ) အသင်းအတွက် ရွေးချယ်ထားသည့် ပဏာမ ကစားသမားများ အချို့ကိုလည်း (က) အသင်းတွင် ရွေးချယ်ခဲ့သည်။ မြန်မာ ယူ- ၂၁ အသင်း သည် အောက်တိုဘာ ၂ ရက်မှစ၍ လေ့ကျင့်မှု ပြုလုပ်လျက်ရှိပြီး လက်ရွေးစင်အသင်းတွင် ပါဝင်နေသည့် ဘုန်းသစ္စာမင်း (ဂိုး)၊ ဆန်း ဆက်နိုင် (ဂိုး)၊ စိုးမိုးကျော်၊ ဝင်းမိုးကျော်၊ ရဲရင့်အောင်၊ မြတ်ကောင်းခန့်နှင့် လွင်မိုးအောင်တို့မှာ ပြိုင်ပွဲပြီးဆုံးမှသာ လာရောက်ပူးပေါင်း နိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၂၁ အသင်း သည် ၂၀၁၉ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် ဆီးဂိမ်းစ်ပြိုင်ပွဲ အပါအဝင် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဒီဇင်ဘာတွင် ယှဉ်ပြိုင်ရမည့် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ် ပြိုင်ပွဲအတွက် စတင်လေ့ကျင့် ပြင်ဆင်လျက်ရှိသည်။ လက်ရှိဖွဲ့စည်းထားသည့် ယူ-၂၁ (က) အသင်းတွင် MNL ၌ ကစားနေသည့် ကစားသမားအများစု ပါဝင်လာပြီး ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက် နှစ်လကျော် အချိန်ယူ ပြင်ဆင်မည်ဖြစ်သည်။ (ခ) အသင်း လေ့ကျင့်မည့်ရက်ကိုမူ ပြန်လည်ညှိနှိုင်းမည်ဖြစ်ပြီး ယခုလအတွင်း စတင်လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာ ယူ-၂၁ အသင်းသည် နိုဝင်ဘာတွင် နိုင်ငံတကာ ခြေစမ်းပွဲများ ကစားခွင့်ရရန် စီစဉ်လျက်ရှိပြီး အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ကာ ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းအတွက် ခန့်အပ်ထားသည့် ဂျာမန်ကြံ့ခိုင်ရေးနည်းပြ မားကပ်စ်သည် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိနေပြီး အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သည့် လေ့ကျင့်ခန်း အစီအစဉ်တွင် စတင်လေ့ကျင့် ပေးလျက်ရှိသည်။

မြန်မာ ယူ-၂၁ (က) အသင်းလူစာရင်း

နည်းပြချုပ်- ဦးကြည်လွင်၊ လ/ထနည်းပြ- ဦးကျော်လွင်၊ ဦးချစ်နိုင်၊ ဂိုးနည်းပြ-ဦးမျိုးကျော်အောင်၊ ဂိုး-စိုးအာကာ၊ အောင်မျိုးထွေး၊ ထွန်းနန္ဒဦး၊ နောက်တန်း - ဇွဲခန့်မင်း၊ ဇွဲသက်ပိုင်၊ ကျော်သက်ဦး၊ ကျော်သူထွန်း၊ အံ့မော်ဦး၊ ဇင်ရဲနောင်၊ အောင်ဝဏ္ဏစိုး၊ သက်ပိုင်ထွေး၊  အလယ်တန်း - အောင်နိုင်ဝင်း၊ ပြည့်စုံနိုင်၊ ဇေယျာနိုင်၊ စိုးလွင်လွင်၊ မြတ်ထွန်းသစ်၊ နန်းထိုက်ဇင်၊ မင်းကိုကို၊ ဇွဲသက်ပိုင်၊ ဟိန်းထက်အောင်၊ ရှေ့တန်း - ဝင်းနိုင်ထွန်း၊ စအောင်ပြည့်ကို၊ ဇင်မင်းထွန်း၊ ချမ်းငြိမ်း၊ ထက်အာကာလင်း