မြောက်ကိုရီးယားက ထရန့်ကို လှောင်ပြောင်ကာ ဂူအမ်ကျွန်းကို တိုက်ခိုက်ရန်အစီအစဉ်အား ဖော်ပြ

မြောက်ကိုရီးယားက ထရန့်ကို လှောင်ပြောင်ကာ ဂူအမ်ကျွန်းကို တိုက်ခိုက်ရန်အစီအစဉ်အား ဖော်ပြ
Published 10 August 2017

ဧပြီ ၁၉ ရက်က ရေငုပ်သင်္ဘော USS Emory S Land နှင့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော USS Topeak တို့ကို ဂူအမ်ရှိ ဆိပ်ကမ်းတွင် တွေ့ရစဉ် (Photo: AFP)

နျူကလီးယား လက်နက်ရှိသည်ဟုဆိုသော မြောက်ကိုရီးယားက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ဆင်ခြင်တုံတရားမဲ့သူဟု သြဂုတ် ၁၀ ရက်တွင် လှောင်ပြောင်ခဲ့သည်။ မြောက်ကိုရီးယားက ပုံမှန်မဟုတ်ဘဲ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းဆီသို့ ဒုံးကျည်များ တစ်ပြိုင်နက် ပစ်လွှတ်လျက် တိုက်ခိုက်ရန်အ သေးစိတ်အစီအစဉ်ကို ထုတ်ပြခြင်းနှင့်အတူ တင်းမာမှုများ မြင့်တက်၍လာခဲ့သည်။

အမေရိကန်စစ်တပ်၏ အဓိက ခြေကုပ်စခန်းတစ်ခုဖြစ်သော ဂူအမ်ကျွန်းကို ပစ်မှတ်ထားသည့် အစီအစဉ်သည် အမေရိကန်ခေါင်းဆောင်အပေါ် သက်ရောက်စေမည့် တစ်ခုတည်းသော အကြွင်းမဲ့ ဖိအားတစ်ရပ်ဖြစ်လာ လိမ့်မည်ဟုဆိုလျက် အရေးကြီးသော သတိပေးချက်တစ်ရပ်အဖြစ် အချက်ပြရန် ရည်ရွယ်သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

အမေရိကန်၏ နျူကလီးယားလက်နက်များသည် ယခင်တစ်လျှောက်လုံးထက် များစွာပို၍ အားကောင်းထိရောက်လာသည်ဟု ထရန့်က Twitter တွင် ကြွားဝါခဲ့ပြီးနောက် မြောက်ကိုရီးယားက ယခုကဲ့သို့ကြေညာလိုက်ခြင်း ဖြစ်သည်။

အစောပိုင်းတွင် ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို တင်းမာသည့် မက်ဆေ့ချ်ပေးလိုက်ခြင်းဖြင့် ကမ္ဘာကို အံ့သြတုန်လှုပ်စေခဲ့သည်။ ယင်းသည် လက်နက်ဖြင့်ခြိမ်းခြောက်သည့် မြောက်ကိုရီးယား၏ လေသံမျိုး ပြန်ဖမ်းထားခြင်းဖြစ်ပြီး မြောက်ကိုရီးယားအနေဖြင့် ကမ္ဘာက မည်သည့်အခါကမျှ မမြင်ဖူးသည့် ဒေါသမီးတောက်များကို ရင်ဆိုင်ရလိမ့်မည်ဟုဆိုသည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများနှင့် ပတ်သက်၍ စကားလုံးစစ်ပွဲသည် အတွက်အချက်မှားမည်ကို စိုးရိမ်ရသည်အထိ မြင့်တက်၍လာသည်။ ယင်းသည် ကိုရီးယားကျွန်းဆွယ်အပြင် ယင်းကိုကျော်လွန်လျက် ဘေးဒုက္ခရောက်စေမည့် အကျိုးဆက်များဆီ ဦးတည်သွားစေနိုင်သည်ဟု ဆိုသည်။

လွန်ခဲ့သည့်လက မြောက်ကိုရီးယားသည် အမေရိကန်ပြည်မကြီး၏ အစိတ်အပိုင်းများစွာအထိ ရောက်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုနှစ်ရပ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ထရန့်၏ ဒေါသမီးတောက်များဟူသည့် မှတ်ချက်သည် ဆင်ခြေတုံတရားမဲ့မှုနှင့် ပြည့်နေသည်ဟု မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်ရေးတပ်များ၏ ဦးစီးမှူး ဗိုလ်ချုပ်ကြီး ကင်ရက်ဂွန်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား၏ အစိုးရသတင်းဌာနဖြစ်သော KCNA က ဖော်ပြခဲ့သည်။

“ဆင်ခြင်တုံတရားမဲ့တဲ့ ဒီလိုငနဲမျိုးနဲ့ ကျိုးကြောင်းဆီလျော်တဲ့ အပြန်အလှန် ဆွေးနွေးမှုမျိုးလုပ်ဖို့ မဖြစ်နိုင်ပါဘူး” ဟု မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။

မြောက်ကိုရီးယားစစ်တပ်၏ ဂူအမ်ကျွန်းအား တိုက်ခိုက်ရန်အစီအစဉ်သည် သြဂုတ်လလယ်၌ ပြီးစီးလိမ့်မည်ဖြစ်ပြီး စဉ်းစားသုံး သပ်ရန်အတွက် ကင်ဂျုံအွန်ထံ တင်သွင်းမည်ဖြစ်ကြောင်း အဆိုပါ ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။

ပို၍ တိကျသော ထုတ်ပြန်ချက်တစ်ရပ်အရ ဒုံးကျည်လေးစင်းကို တစ်ပြိုင်နက်ပစ်လွှတ်မည်ဖြစ်ပြီး ယင်းဒုံးကျည်များသည် ဂျပန်၏ စီရင်စုများဖြစ်သော ရှီမာနေး၊ ဟီရိုရှီးမားနှင့် ကိုအိချီတို့ကို ဖြတ်သန်းသွားလိမ့်မည်ဖြစ်ကြောင်း သိရသည်။

ဒုံးကျည်များသည် ၂၀၈၆ မိုင်ခရီးကို ၁၇ မိနစ် ၄၅ စက္ကန့် ကြာမည်ဖြစ်ကြောင်းနှင့် ဂူအမ်ကျွန်းမှ ၃၀ သို့မဟုတ် ၄၀ ကီလိုမီတာအကွာသို့ ကျရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းတို့သည် အမေရိကန် ရေပိုင်နက်အပြင်ဘက်ကပ်လျက် နေရာများသို့ ကျရောက်လိမ့်မည်ဖြစ်သည်။

 

Most Read

Most Recent