လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်မှတ်တမ်းယူနေသည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား ထပ်မံစွဲဆိုထားသည့်အမှုများ ပိတ်သိမ်းကြောင်း ဇမ္ဗူသီရိမြို့နယ်တရားသူကြီး အမိန့်ချ

လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်မှတ်တမ်းယူနေသည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား ထပ်မံစွဲဆိုထားသည့်အမှုများ ပိတ်သိမ်းကြောင်း ဇမ္ဗူသီရိမြို့နယ်တရားသူကြီး အမိန့်ချ
Published 29 December 2017

လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်မှတ်တမ်းယူနေသည့် တူရကီအခြေစိုက်သတင်းထောက်ပါ လေးဦးအား ဒီဇင်ဘာ ၂၈ ရက် ဇမ္ဗူသီရိမြို့နယ်တရားရုံး ကိုးကြိမ်မြောက်ရုံးချိန်းတွင် တွေ့ရစဉ်

လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့် မှတ်တမ်းယူနေသည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား ထပ်မံစွဲဆိုထားသည့် အမှုများကို ဒီဇင်ဘာ ၂၈ ရက် ကိုးကြိမ်မြောက်ရုံးချိန်းတွင် ဇမ္ဗူသီရိမြို့နယ် တရားသူကြီး ဦးဇော်ဝင်းထူးက အမှုပိတ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့သည်။

တူရကီအခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOYLIN၊ LAYHON MENG ၊ မြန်မာနိုင်ငံသား အောင်နိုင်စိုး (စကားပြန်) နှင့် ဦးလှတင် (ယာဉ်မောင်း) တို့အား စွဲဆိုထားသည့် ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် မလေးရှားနိုင်ငံသူ MOK CHOYLIN နှင့် LAYHON MENG တို့နှစ်ဦးအား ထပ်မံစွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေပုဒ်မ ၁၃ (၁) တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ အမှုပိတ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်အဆောက်အအုံအား မှတ်တမ်းယူချိန်က သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းထားသော ဒရုန်းအပါအဝင် ပစ္စည်း ၁၃ မျိုးကို ပြည်သူ့ဘဏ္ဍာပိုင်အဖြစ် သိမ်းဆည်းကြောင်း တရားသူကြီးက အမိန့်ချမှတ်သည့်အပေါ် အမိန့်ပြင်ဆင် ချက်လျှောက်ထားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

၎င်းက “ဒရုန်းအပါအဝင် သိမ်းထားတဲ့ ပစ္စည်းတွေ ကိုအောင်နိုင်စိုးလက်တော့ တစ်လုံးပါတယ်။ တယ်လီဖုန်းတွေပါတယ်။ အဲဒါတွေကို အယူခံပြင်ဆင်ချက်ကျော်ရင် နိုင်ငံပိုင်သိမ်းစေလို့ ချလိုက်တယ်။ အဲဒါနဲ့ပတ်သက်လို့ ဥပဒေအမြင်ရရောဆိုရင် ဒါဥပဒေနဲ့ နည်းနည်းလွဲချော်တယ်လို့ ယူဆတယ်။ လူတစ်ယောက်ကို အပြီးအပြတ်လွှတ်တာ။ အမှုကို ပိတ်သိမ်းလိုက်တာဆိုရင် စွပ်စွဲထားတဲ့ အမှုမရှိတော့ဘူး။ အဲဒီစွပ်စွဲတဲ့အမှုနဲ့ သိမ်းထားတဲ့ပစ္စည်းတွေကို အပ်ပေးတဲ့သူတွေဆီကို အကုန်ပြန်ပေးရတယ်။ ပစ္စည်းနဲ့ပတ်သက်လို့ ဥပဒေနဲ့ သိပ်ပြီးမညီဘူးလို့ ယူဆတဲ့အတွက်ကြောင့် တစ်လအတွင်း ပြင်ဆင်ချက်တက်ပါမယ်” ဟု ပြောကြားသည်။

လက်ရှိတွင် လွှတ်တော်အဆောက်အအုံအား ဒရုန်းဖြင့်မှတ်တမ်းယူခဲ့သည်ကို ဝန်ခံခဲ့သည့်အတွက် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား ၁၉၃၄ ခုနှစ် လေယာဉ်အက်ဥပဒေပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ် နှစ်လချမှတ်ခံထားရပြီး လာမည့်ဇန်နဝါရီ  ၁၀ ရက်တွင် ပြစ်ဒဏ်ရက်ပြည့်မြောက်မည် ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ထောင်ပိုင်ကြီးကတော့ သူ့လျှော့ရက်ကို ပေးမယ်လို့ပြောတယ်။ ဒီလိုအမှုမျိုး နှစ်လလောက်ကို လေးရက်လောက်ပဲ ပေးလို့ရတယ်ဆိုတော့ ဇန်နဝါရီ ၅ ရက်ကတော့ သေချာပေါက်လွတ်မှာပေါ့” ဟု ပြောကြား သည်။

ပြစ်ဒဏ်စေ့၍ ရမည်းသင်းထောင်မှ လွတ်မြောက်သည့်နေ့တွင် နိုင်ငံခြားသားနှစ်ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ပို့ပြီး ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအား အောက်တိုဘာ ၂၇ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် ၂၇ အနီးမှ ဒရုန်းဖြင့် မှတ်တမ်းယူရန် စတင်နေချိန် ပြည်သူ့လွှတ်တော်ဝင်းလုံခြုံရေး တာဝန်ကျဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent