လာမည့်ရာသီ ချန်ပီယံလိဂ်နှင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် VAR စနစ် အသုံးပြုမည်

လာမည့်ရာသီ ချန်ပီယံလိဂ်နှင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် VAR စနစ် အသုံးပြုမည်
Published 28 September 2018

လာမည့် ၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် VAR(ရုပ်သံအကူဒိုင်)စနစ် အသုံးပြုမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က အတည်ပြု ကြေညာခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့၌ ကျင်းပခဲ့သည့် UEFA အမှုဆောင်ကော်မတီအစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်အား အတည်ပြု ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ်တွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

VAR စနစ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲ Play-offs ခြေစစ်ပွဲအဆင့်မှစ၍ အသုံးပြုမည်ဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲအပြင် ဥရောပစူပါဖလားပြိုင်ပွဲ နှင့် ၂၀၂၀-၂၁ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ များတွင်လည်း အသုံးပြုသွားမည်ဖြစ်သည်။

UEFA Nations League ပြိုင်ပွဲတွင်မူ ဒုတိယအကြိမ်ကျင်းပမည့် ၂၀၂၁ ခုနှစ်ပြိုင်ပွဲ မှသာ အသုံးပြုမည်ဖြစ်ကြောင်း UEFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ VAR စနစ်ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုခဲ့ရာ အောင်မြင်မှုရရှိပြီး လူကြိုက်များခဲ့သဖြင့် UEFA ကလည်း စောင့်ကြည့်လေ့လာမှုများပြုလုပ်ပြီးနောက် ၂၀၁၉ ခုနှစ်မှစ၍ အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

VAR စနစ်ကို ဘွန်ဒစ်လီဂါနှင့် စီးရီးအေပြိုင်ပွဲ၌ ပြီးခဲ့သည့်ရာသီကတည်းက စတင်အသုံးပြု ခဲ့ပြီး လာလီဂါနှင့် လီဂူးပြိုင်ပွဲတွင်လည်း ယခုရာသီ၌ စတင်အသုံးပြုလျက်ရှိသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာမူ စမ်းသပ်မှုများပြုလုပ်နေဆဲဖြစ်ပြီး FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲတွင် ပွဲစဉ်အချို့၌ စမ်းသပ်အသုံးပြုလျက်ရှိကြောင်း သိရသည်။